အခု စက်တင်ဘာလ အတွင်းမှာ ဧရာမ ဥက္ကာခဲကြီး တစ်လုံးဟာ ကမ္ဘာနားကနေ ဖြတ်ပြီး ပျံသန်းသွားလိမ့်မယ်လို့ နာဆာက ထုတ်ပြန်တဲ့ သတင်း အချက်အလက် တွေအရ သိရှိရပါတယ်။ 2021 NY1 လို့ အမည်ပေးထားတဲ့ ဒီ ဥက္ကာခဲ ကြီးဟာ အလျား မီတာ ၃၀၀ (ပေ ၁,၀၀၀ ခန့်) နဲ့ အကျယ် မီတာ ၁၃၀ (၄၃၀ ပေခန့်) ရှိပါတယ်။ အကြမ်း ပြောရရင် ဒီ ဥက္ကာခဲ ကြီးရဲ့ အရှည်ဟာ အထပ် ၁၀၀ မိုးမျှော်တိုက်ကြီး တစ်စင်းရဲ့ အမြင့်လောက် ရှိပါတယ်။
နာဆာ ရဲ့ ကမ္ဘာနားနီး ဥက္ကာခဲတွေ စောင့်ကြည့်နေတဲ့ NASA Jet Propulsion Laboratory ရဲ့ အဆိုအရ ဒီ ဥက္ကာခဲ ကြီးဟာ ကမ္ဘာနဲ့ အနီးဆုံး နေရာကနေ စက်တင်ဘာ ၂၂ ရက်နေ့မှာ ဖြတ်သွားလိမ့်မယ် လို့ ဆိုပါတယ်။
ဒီ စက်တင်ဘာ လထဲမှာ ကမ္ဘာနားကနေ ဖြတ်သွားမယ့် ဥက္ကာခဲက ဒီ တစ်ခုထဲတော့ မဟုတ်ပါဘူး။ ဒီနေ့ စက်တင်ဘာ ၁ ရက်နေ့မှာ 2021 QC1 လို့ အမည်ပေးထားတဲ့ ဥက္ကာပျံ တစ်စင်းဟာလဲ ကမ္ဘာနားကနေ ဖြတ်သွားမှာ ဖြစ်ပါတယ်။ ဒီ ဥက္ကာခဲ ကတော့ သိပ်အကြီးကြီးတော့ မဟုတ်ပါဘူး။ အလျား ၁၆၀ မီတာ နဲ့ အနံ ၇၁ မီတာပဲ ရှိပါတယ်။ အကြမ်းဖျင်း ပြောရရင်တော့ အမေရိကပြည်ထောင်စု နယူးယောက် မြို့တော်က လွတ်လပ်ရေး ရုပ်တုကြီး (Statue of Liberty) အရွယ်လောက်ပဲ ရှိတာပါ။ ဒါပေမယ့် ဥက္ကာပျံ တစ်စင်း အတွက်ကတော့ အတော်ကြီးတဲ့ အရွယ်လို့ ပြောလို့ရပါတယ်။
နောက်ပြီး စက်တင်ဘာ ၉ ရက်မှာလဲ 2010 RJ53 လို့ အမည်ပေးထားတဲ့ ဥက္ကာပျံကြီး တစ်စင်း ဖြတ်ပျံအုံးမယ်လို့ ဆိုပါတယ်။ ဒီတစ်စင်းကတော့ အတော်လေး ကြီးတယ် ခင်ဗျ။ အချင်း ၇၇၄ မီတာတောင် ဆိုတော့ စက်တင်ဘာ ၂၂ ရက်နေ့ ဖြတ်ပျံမယ့် 2021 NY1 ထက် နှစ်ဆလောက်ကို ပိုကြီးတာပါ။ ပြောရရင် နယူးယောက် မြို့တော်က ကမ္ဘာကျော် အင်ပါယာ စတိတ် အဆောက်အအုံကြီးရဲ့ နှစ်ဆလောက် ကြီးပါတယ်။
ဒီလောက် ကြီးတဲ့ ဥက္ကာပျံ ကြီးတွေ ကမ္ဘာနားကနေ ဖြတ်ပျံနေတယ် ဆိုပေမယ့် ကမ္ဘာပေါ်ကိုတော့ ဘာ အန္တရာယ် မှ ကျရောက်စရာ မရှိဘူးလို့ နာဆာ အဖွဲ့ကြီးက ပြောပါတယ်။ ဒီ ဥက္ကာပျံတွေ ထဲက ဘယ်ဥက္ကာပျံမှ ကမ္ဘာနဲ့ နီးကပ်လောက်အောင် ပျံသန်းကြမှာ မဟုတ်ပါဘူး။ ဒီထဲက အနီးဆုံး ရောက်မယ့် ဥက္ကာခဲက ဒီ ၃ စင်းထဲမှာ အကြီးဆုံး ဖြစ်တဲ့ 2010 RJ53 ဖြစ်ပါတယ်။ သူက ကမ္ဘာနဲ့ လ အကြားက ဖြတ်ပျံမှာ ဖြစ်ပြီး ကမ္ဘာကနေဆို အကွာအဝေး ကီလိုမီတာ ၃၆၆,၀၀၀ (မိုင် 227,000) ဝေးပါသေးတယ်။ ကမ္ဘာနဲ့ လနဲ့က ကီလိုမီတာ ၃၈၄,၄၀၀ ခန့် ဝေးတာပါ။
ကျန်တဲ့ ဥက္ကာခဲတွေ ကတော့ လထက် ဝေးတဲ့ နေရာကနေ ဖြတ်သွားမှာ ဖြစ်လို့ ဘာမှ စိုးရိမ်စရာ မရှိ့ပါဘူး။
နာဆာ အဖွဲ့ကြီးကတော့ ဒီ ၂၁ ရာစု အတွင်း ကမ္ဘာမြေကြီးဟာ ဥက္ကာခဲတွေရဲ့ ရန်ကြောင့် ပျက်စီးမှု တစ်စုံတစ်ရာ ကြုံတွေရစရာ အကြောင်း မရှိဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းကလဲ ဧရာမ ဥက္ကာပျံကြီး နှစ်စင်း ကမ္ဘာနားက ကပ်ပျံသွားခဲ့ ပါသေးတယ်။
နာဆာက အန္တရာယ် မရှိဘူးလို့ ဆိုပေမယ့် လုံးဝ ရာနှုန်းပြည့် စိတ်ချရတာ မျိုးတော့ မဟုတ်သေးပါဘူး။ ဒီ ဥက္ကာပျံ တွေအပေါ် ပတ်ဝန်းကျင် ဂြိုလ်တွေက သက်ရောက်တဲ့ ဆွဲငင်အားတွေကြောင့် ရုတ်တရက် လမ်းကြောင်းပြောင်းသွားတာမျိုး အချိန်မရွေး ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာလို့ ကမ္ဘာပတ် လမ်းကြောင်းထဲ ဝင်လာခဲတာ မျိုး လုံးဝ မဖြစ်နိုင်ဘူးလို့တော့ အာမမခံနိုင်ပေမယ့် ဒီလို လမ်းကြောင်းပြောင်းဖို့ အခွင့်အလမ်းကတော့ အတော်လေး နည်းပါတယ် လို့ ဆိုပါတယ်။
ကမ္ဘာပတ် လမ်းကြောင်းထဲကို ဥက္ကာပျံ တစ်စင်းတစ်လေ လမ်းမှားပြီး ဝင်ရောက်လာခဲ့ရင် ပြန်လည် ခုခံ ကာကွယ်နိုင်ဖို့ နည်းလမ်း အခုထိ မရှိသေးပါဘူး။ ဒါ့ကြောင့်လဲ နာဆာ အပါအဝင် နက္ခတ် ပညာရှင်တွေဟာ ကမ္ဘာ့ အနီးတဝိုက်မှာ ပျံနေတဲ့ ဥက္ကာပျံ တွေကို ဂရုတစိုက် စောင့်ကြည့်နေ ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီလို ဥက္ကာပျံ စောင့်ကြည့်မှုကို “Asteroid Hunter” လို့ အမည်ပေးထားတဲ့ နာဆာရဲ့ အာကာသ မှန်ပြောင်းကြီးကနေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် နာဆာရဲ့ “ကမ္ဘာဂြိုလ် ခုခံကာကွယ်ရေး ပူးပေါင်း ဆောင်ရွက်မှု ဌာန (NASA’s Planetary Defense Coordination Office) နဲ့ အမေရိကန် ပြည်ထောင်စု ဂျွန်ဟော့ကင်း တက္ကသိုလ် (John Hopkins University) တို့ ပူးပေါင်းပြီးလဲ ကမ္ဘာအနီးကို အရမ်းကပ်လာမယ့် ဥက္ကာပျံတွေကို ဒုံးပျံ အသုံးပြုပြီး လမ်းလွှဲပေးနိုင်မယ့် နည်းလမ်းကို တီထွင် ကြံဆလျက် ရှိနေကြောင်းပါ။
ကမ္ဘာအနီးက ဖြတ်သွားမယ့် ဥက္ကာပျံကြီးတွေ
September 1, 2021
Other Posts
- Hubble တယ်လီစကုပ်ကြီး၏ “စိတ်လှုပ်ရှားဖွယ် တွေ့ရှိချက်” ၃၀ ရက်နေ့တွင် တင်ပြမည်ဟု နာဆာကြေငြာ
- ကမ္ဘာ့ ပထမဆုံး မိုးပျံ မော်တော်ဆိုင်ကယ်
- အာကာသ ရတနာတွင်းကြီးကို လေ့လာမယ့် နာဆာ
- နေရဲ့သက်တမ်း ကုန်သွားရင် ဘာဖြစ်လာမလဲ
- ကြယ်ကြွေတယ် ဆိုတာဘာလဲ
- ဓါတ်ခွဲခန်းမွေး အသားကို စီးပွားဖြစ် ထုတ်လုပ်မယ့် အစ္စရေး
- ဂြိုဟ်သားတွေနဲ့ ဘာကြောင့် အဆက်အသွယ် မရသေးတာလဲ
- Zumwalt Class ကိုယ်ပျောက် စစ်သင်္ဘော
- ရုရှားအာကာသယာဉ် ပျက်စီးမှုအတွက် နာဆာ အာကာသယာဉ်မှူးကို စွပ်စွဲ
- လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၁) | Astrophysics for People in a Hurry by Neil DeGrasse Tyson
