mmpopsci.com

ကမ္ဘာ့အကြီးဆုံး အာကာသ မှန်ပြောင်းကြီး လွှတ်တင်မည်

ကမ္ဘာ့အကြီးဆုံး ဖြစ်တဲ့ ဂျိမ်းစ်ဝက်ဘ် (James Webb Space Telescope) နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးကို လွှတ်တင်မယ့် ရက်ကို နာဆာက ကြေငြာလိုက်ပါတယ်။ ဒီမှန်ပြောင်းကြီးကို လာမယ့် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြင်သစ်ပိုင် ဂီယာနာ ကျွန်းပေါ်မှာရှိတဲ့ ဥရောပ အာကာသစခန်းကနေ အာရီယန် ၅ (Ariane 5) ဒုံးပျံနဲ့ လွှတ်တင်မှာ ဖြစ်ပါတယ်။ လွှတ်တင်မှု အောင်မြင်ခဲ့ရင် ဒီမှန်ပြောင်းကြီးဟာ အာကာသထဲ လွှတ်တင်ခဲ့ဖူးသမျှ မှန်ပြောင်းတွေထဲမှာ အကြီးဆုံးနဲ့ စွမ်းအား အကောင်းဆုံး နက္ခတ်ကြည့် မှန်ပြောင်းကြီး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒီမှန်ပြောင်းကြီးဟာ သူ့အရင် ဟတ်ဘယ် (Hubble Space Telescope) မှန်ပြောင်းကြီးရဲ့ ခြေရာကိုနင်းပြီး အာကာသတွင်း စူးစမ်းမှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီ အာကာသ နက္ခတ်တာရာကြည့် မှန်ပြောင်းကြီးကို  အမေရိကန် ပြည်ထောင်စု နာဆာ အာကာသ အေဂျင်ဆီနဲ့ ဥရောပ အာကာသ အေဂျင်ဆီတို့ ပူးပေါင်း တည်ဆောက်တာ ဖြစ်ပါတယ်။ မှန်ပြောင်းကြီး တည်ဆောက်ပြီးနောက် အသေးစိတ် စမ်းသပ်မှုတွေကို ဆောင်ရွက်ခဲ့ရာမှာ ပြီးခဲ့တဲ့ ဩဂုတ်လကုန်က စမ်းသပ်မှုအားလုံး အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။

James Webb Space Telescope (Photo: NASA)
ဒီမှန်ပြောင်းကြီးကို လွှတ်တင်ရတဲ့ ရည်ရွယ်ချက်တွေ အနက်က တခုကတော့ Dark Matter ခေါ်တဲ့ အမှောင်ဒြပ် ကို ရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ စကြာဝဠာ အတွင်းမှာ ပျံ့နှံ့နေတဲ့ အမှောင်ဒြပ်တွေ ရှိနေနိုင်တဲ့ နေရာတွေကို ရှာဖွေပြီး မှတ်တမ်းတင် လေ့လာခြင်းအားဖြင့် ဒီ လှို့ဝှက်ဆန်းကျယ်တဲ့ အမှောင်ဒြပ် (Dark Matter) အကြောင်းကို သိရှိနိုင်ဖို့ ရည်ရွယ်တာပါ။

ယူကေ နိုင်ငံ အာကာသ အေဂျင်ဆီက အာကာသ သိပ္ပံ ဌာနမှူး ကာရိုလင်း ဟာပါ (Caroline Harper) ကတော့ “ဒီ ဂျိမ်းစ်ဝက်ဘ် မှန်ပြောင်းကြီးဟာ ကမ္ဘာပေါ်ကနေ အာကာသထဲ လွှတ်တင်ခဲ့ ဖူးသမျှ နက္ခတ်တာရာကြည့် မှန်ပြောင်းတွေ ထဲမှာ အားအကောင်းဆုံးနဲ့ အရှုပ်ထွေးဆုံး မှန်ပြောင်းကြီး ဖြစ်ပါတယ်” လို့ ပြောပါတယ်။

“ဒီမှန်ပြောင်းကို အသုံးပြုပြီး အရင်က တခါမှ မလေ့လာခဲ့ဖူးတဲ့ စကြာဝဠာ ဖြစ်တည်စ အစောပိုင်းက ခေတ်ဦး ဂလက်ဆီ ကြယ်စုတွေကို လိုက်ပြီး ရှာနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး အရင် မကြည့်နိုင်ခဲ့တဲ့ ထူထဲတဲ့ အာကာသ ဓါတ်ငွေ့တိမ်တိုက်ကြီးတွေထဲက ကြယ်သစ်တွေ ဂြိုလ်သစ်တွေ ဖြစ်နေတာကိုလဲ လေ့လာနိုင်တော့မှာပါ။”

“ယူကေ နိုင်ငံက ဒီယာဉ်ပေါ်မှာ တပ်ဆင်ထားတဲ့ လှိုင်းလတ် အနီအောက်ရောင်ခြည် အာရုံခံ ကိရိယာ (Mid-infrafed instument) တည်ထွင်ဖန်တီးနိုင်ဖို့ အဓိက ဦးဆောင် အခန်းကနေ ပါဝင်ခဲ့တာပါ။ ဒီ ကိရိယာနဲ့ စကြာဝဠာထဲက ကြယ်တွေ၊ ဂြိုလ်တွေ၊ ဂလက်ဆီ တွေရဲ့ ရူပဗေဒနဲ့ ဓါတုဗေဒ သွင်ပြင်လက္ခဏာတွေကို အသေးစိတ် လေ့လာနိုင်တော့မှာ ဖြစ်ပါတယ်။ အထူးသဖြင့် စကြာဝဠာ ပေါ်စဦးက ဖြစ်ထွန်းလာတဲ့ ဂလက်ဆီ တွေ၊ ကြယ်တွေ နဲ့ ပါတ်သက်တဲ့ အချက်တွေ ပိုသိလာမှာ ဖြစ်ပါတယ်။”

“ကျွန်တော်တို့ဟာ စကြာဝဠာကြီး ရဲ့ သဘော သဘာဝတွေကို အပြည့်အဝ နားလည်ဖို့ ရှေ့ခြေတစ်လှမ်း တိုးလာတာပဲ ဖြစ်ပါတယ်” လို့ ကာရိုလင်းက ရှင်းပြ သွားပါတယ်။

Reference: Largest ever space telescope set for launch

 

September 13, 2021

Other Posts