ကျွန်တော်တို့ နေထိုင်တဲ့ မစ်ကီးဝေး ဂလက်ဆီ (Milky Way Galaxy) ကြီးရဲ့ ဗဟိုနားက လာတဲ့ ထူးဆန်းတဲ့ ရေဒီယို အချက်ပြလှိုင်းများကို သိပ္ပံပညာရှင်များ ဖမ်းယူရရှိ ခဲ့ပါတယ်။ အရင် ဖမ်းယူရရှိဖူးတဲ့ ရေဒီယို အချက်ပြတွေနဲ့ တူညီမှု မရှိတဲ့ ဒီ ရေဒီယို လှိုင်းတွေကြောင့် သိပ္ပံပညာရှင်တွေအကြား အဖြေရှာမရ ဖြစ်ကုန်ကြပါတယ်။
ဒီ ဖမ်းယူရရှိတဲ့ ရေဒီယို အချက်ပြ လှိုင်းတွေနဲ့ ပါတ်သက်ပြီး နက္ခတ္တ ရူပဗေဒ ဂျာနယ် (The Astrophysical Journal) ကြီးမှာ တင်ပြထားပါတယ်။ (စိတ်ဝင်စားသူများ မူရင်း သုတေသန စာတမ်းကို ဒီနေရာမှာ ဒေါင်းလုပ်လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။)
အခုဖမ်းယူရရှိတဲ့ ရေဒီယို အချက်ပြလှိုင်းတွေဟာ အရင် ဖမ်းယူရရှိခဲ့တဲ့ လှိုင်းတွေနဲ့ မတူပါဘူး။ အခုလှိုင်းတွေဟာ သီတင်းပတ် အနည်းငယ် အတွင်းမှာ တဖြည်းဖြည်း အားကောင်းလာကြပါတယ်။ ပြီးတော့ ရက်ပိုင်းအတွင်း ချချင်း အားနည်းသွားပြီး ပျောက်သွားပါတော့တယ်။ ထူးဆန်းတာက ဒီလို တဖြည်းဖြည်း အားကောင်းလာလိုက်၊ ရုတ်တရက် ပျောက်သွားလိုက်နဲ့ ထပ်ခါ ထပ်ခါ ဖြစ်နေတာပါပဲ။
ဒီလို ဖြစ်စဉ်မျိုးက အခုထိ အာကာသထဲမှာ ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့ ဘယ်အရာဝတ္ထုရဲ့ ပြုမူပုံနဲ့မှ မတူပါဘူး။ ဖြစ်နိုင်တာကတော့ အရင်ရှာဖွေတွေ့ရှိခဲ့ဖူးခြင်း မရှိခဲ့သေးတဲ့ အရာဝတ္ထု အမျိုးအစား အသစ်တခု ဖြစ်မယ်လို့ သုတေသီတွေက ယူဆကြပါတယ်။
အခု ရေဒီယို အချက်ပြလှိုင်းတွေ ထွက်လာတဲ့ ရပ်ဝန်းကို ASKAP J173608.2−321635 လို့ အမည်သတ်မှတ် ထားပါတယ်။ ဒီရေဒီယို လှိုင်းတွေကို ဩစတြေးလျ နိုင်ငံမှာ ရှိတဲ့ Australian Square Kilometre Array Pathfinder (ASKAP) radio telescope ရေဒီယို လှိုင်းဖမ်း တယ်လီစကုပ် ကြီးကနေ ဖမ်းယူရရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဧပြီလက ၂၀၂၀ ဩဂုတ်လအထိ ဒီ အချက်ပြလှိုင်းတွေကို ၁၃ ကြိမ်တိတိ ဖမ်းယူရရှိခဲ့ပါတယ်။ ဖမ်းယူရရှိတဲ့ အကြိမ်တိုင်းမှာ အချက်ပြ လှိုင်းတွေဟာ သီတင်းပတ် အနည်းငယ်ပဲ ဖမ်းယူရရှိပြီး ပြန်လည် ပျောက်ကွယ် သွားကြပါတယ်။
နောက်ထပ် ထူးခြားတဲ့ အချက်ကတော့ ဒီအချက်ပြလှိုင်းတွေ ပေါ်လာတဲ့ အချိန်နဲ့ ပျောက်သွားတဲ့ အချိန်တွေဟာ ပုံမှန် မှန်းဆလို့ မရတာပဲ ဖြစ်ပါတယ်။ ပေါ်လာချင်တဲ့ အချိန် ပေါ်လာပြီး ပျောက်ချင်တဲ့ အချိန် ရုတ်တရက် ပျောက်သွားတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဒီ့အရင် အခြား ရေဒီယို တယ်လီစကုပ်တွေပေါ်မှာလဲ ဒီအချက်ပြလှိုင်းတွေ ဖမ်းယူရရှိခဲ့ ဖူးခြင်း မရှိပါဘူး။
ထူးဆန်းတာတွေက ဒီနေရာတင် ရပ်မသွားပါဘူး။ သုတေသီတွေက ဒီထွက်လာတဲ့ အရပ်က ရေဒီယို အချက်ပြလှိုင်းတွေကို အခြား တယ်လီစကုပ်တွေက အခြား လျှပ်စစ်သံလိုက်လှိုင်းခွင် (electromagnetic spectrum) တွေမှာ ဖမ်းယူရရှိတဲ့ အချက်တွေနဲ့ တိုက်ဆိုင်ကြည့်ကြပါတယ်။ သူတို့ တိုက်ဆိုင်ပြီး စစ်ဆေးကြည့်တဲ့ တယ်လီစကုပ်တွေထဲမှာ ချန်ဒရာ (Chandra) တယ်လီစကုပ်က ဖမ်းမိတဲ့ X-Ray လှိုင်းတွေ၊ နောက် Infrared အနီအောက်ရောင်ခြည်လှိုင်းတွေ နဲ့ မျက်စေ့နဲ့ မြင်ရတဲ့ အလင်းလှိုင်းတွေ ပါဝင်ပါတယ်။ ဒီအခါ ဒီအချက်ပြတွေဟာ ရေဒီယို လှိုင်းနှုန်းခွင်တွေမှာပဲ တွေ့မြင်ရပြီး အခြား လျှပ်စစ်သံလိုက်လှိုင်းခွင်တွေမှာ လုံးဝ မပေါ်တာကို ထူးဆန်းစွာ တွေ့ရပါတယ်။ တနည်းအားဖြင့် ဒီ အရာဝတ္ထုဟာ ရေဒီယိုလှိုင်း သီးသန့်ပဲ ထုတ်လွှင့်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပညာရှင်တွေက ဒီ လှိုင်းထုတ်ပေးတဲ့ အရာဝတ္ထုကို ‘ရေဒီယို သရဲ (Radio Ghost)’ လို့ တင်စားခေါ်ကြပါတယ်။
ဒီ့မတိုင်မီကတော့ ရေဒီယို လှိုင်းတွေ ထုတ်ပေးတဲ့ ဒြပ်ထုသေးငယ်တဲ့ ကြယ်တွေ ရှာတွေ့ခဲ့ဖူးပါတယ်။ ဒီကြယ်တွေဟာလဲ အချိန်မှန် ရေဒီယို လှိုင်းတွေ ထုတ်ပေးတတ်ကြပါတယ်။ ဒါပေမယ့် ဒီကြယ်တွေကျတော့ အဲ့လို ရေဒီယိုလှိုင်းတွေ ထုတ်ပေးတဲ့ အချိန်နဲ့ ကိုက်ပြီး X-ray လှိုင်းတွေလဲ အမြောက်အများ ထွက်လာပါတယ်။ အခု အရာဝတ္ထုကတော့ ရေဒီယို လှိုင်းတွေ ချည်းပဲ ထွက်လာတာ ဖြစ်ပြီး X-ray လှိုင်းတွေနဲ့ တွဲပြီး မပါလာပါဘူး။ ဒါ့ကြောင့် အခုအရာဝတ္ထုဟာ ကြယ်တော့ မဖြစ်နိုင်ဘူး လို့ ဆိုပါတယ်။
Pulsar တွေ Magnetars တွေလို ကြယ်သေတွေလဲ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ (ဒီ ဝတ္ထုနှစ်ခုက ကြယ်တွေ သေပြီး ဗဟိုကို ပြိုကျသွားတဲ့ အခါ ဖြစ်လာတဲ့ အရမ်းသိပ်သည်းတဲ့ ကြယ်သေအကြွင်းအကျန်တွေ ဖြစ်ပါတယ်)။ Pulsar တွေက အင်အားကောင်းတဲ့ ရေဒီယို လှိုင်းတွေ ထုတ်လွှတ်ပေးပေမယ့် သူတို့က ဝင်ရိုးပေါ် အလွန်လျှင်မြန်တဲ့ နှုန်းနဲ့ လည်နေတာမို့ ဒီ Pulsar တွေဆီက လာတဲ့ ရေဒီယို လှိုင်းတွေက အချိန်မှန် ရောက်လာလေ့ ရှိပါတယ်။ နောက်ပြီး သူတို့ဆီက ရေဒီကို လှိုင်းတွေက တစ်ကြိမ်နဲ့ တစ်ကြိမ်းကြား နာရီပိုင်းပဲ ကြာကြတာပါ။ အခုဖမ်းမိတဲ့ ရေဒီယို အချက်ပြ လှိုင်းတွေလို သီတင်းပါတ် များစွာ ကြာတာမျိုး မဟုတ်ပါဘူး။
Magnetars တွေကျတော့ ရေဒီယို လှိုင်းတွေနဲ့အတူ အင်အားကောင်းတဲ့ X-Ray လှိုင်းတွေ အတူတွဲ ထွက်လာပါတယ်။ အခု ရေဒီယိုလှိုင်းတွေကျတော့ ဘာ X-ray လှိုင်းမှ ပါမလာပါဘူး။
အနီးဆုံး တူတာကို ပြောရမယ်ဆို အရင်က တွေ့ခဲ့ပြီး အခုထိ အဖြေရှာမရသေးတဲ့ “ဂလက်ဆီ ဗဟိုချက်မှ ခနတာ ထွက်လာသော ရေဒီယိုလှိုင်းများ” (galactic center radio transient (GCRT)) နဲ့ပဲ နှိုင်းယှဉ်ရမှာ ဖြစ်ပါတယ်။ ဒီ GCRT လှိုင်းတွေက အခုလှိုင်းတွေလိုပဲ အားကောင်းလာလိုက် ပျောက်သွားလိုက် ဖြစ်နေကြတာပါ။ နောက်ပြီး အခုမိတဲ့ လှိုင်းလိုပဲ ဒီလှိုင်းတွေကလဲ ကျွန်တော်တို့ မစ်ကီးဝေးရဲ့ ဗဟိုနားက ထွက်လာကြတာ ဖြစ်ပါတယ်။ ဒီ GCRT လှိုင်းတွေက အခုမိတဲ့ လှိုင်းတွေလိုပဲ X-ray လှိုင်းတွေနဲ့ အတူ ထွက်လာတာ မဟုတ်ပါဘူး။ ဒါပေမယ့် မတူတာကတော့ ဒီ GCRT တွေက အားကောင်းလာတာရော၊ ပျောက်သွားတာရော ပိုမြန်ပါတယ်။ အခုထိတော့ ဒီ GCRT အရာဝတ္ထု ၃ ခုပဲ ရှာတွေ့ပါသေးတယ်။ (GCRT လို့ ယူဆရတဲ့ အရာဝတ္ထုတွေတော့ တွေ့ထားပေမယ့် အခုထိ အတည်ပြုချက် မရရှိသေးပါဘူး)။
လက်ရှိအထိတော့ ဒီရှာဖွေတွေ့ရှိတဲ့ ရေဒီယို အချက်ပြလှိုင်းတွေကို GCRT အမျိုးအစားသစ် ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။ (GCRT တွေဟာ ဘာတွေလဲ ဆိုတာလဲ အခုထိ ဘယ်သူမှ မှန်းဆလို့ မရကြသေးပါဘူး)။ အခု ရေဒီယို အချက်ပြလှိုင်းတွေ ရှာဖွေတွေ့ရှိတာဟာ နက္ခတ် ပညာရှင်တွေ အတွက် စကြာဝဠာထဲမှာ အရင်က မတွေ့ရှိ ဖူးသေးတဲ့ ထူးဆန်းတဲ့ အရာဝတ္ထုတွေကို ရှာဖွေနိုင်ဖို့ ပိုမိုတွန်းအား ဖြစ်စေမယ်လို့ ဆိုပါတယ်။ လက်ရှိ ရှာဖွေတွေ့ရှိမှုတွေကို အဖြေရှာနိုင်ဖို့ မစ်ကီးဝေးရဲ့ ဗဟိုချက်ကို ဆက်လက် သုတေသနတွေ ပြုလုပ်သွားမှာ ဖြစ်ကြောင်းလဲ သိရပါတယ်။
Reference:
Something Mysterious Near The Galactic Center Is Flashing Radio Signals | Science Alert
Strange, repeating radio signal near the center of the Milky Way has scientists stumped | Live Science
မစ်ကီးဝေးရဲ့ ဗဟိုက ထူးဆန်းတဲ့ ရေဒီယို အချက်ပြလှိုင်းများ

September 27, 2021
Other Posts
- ဂြိုဟ်သားများထံမှ ရေဒီယို အချက်ပြ လှိုင်းများ ဖမ်းယူရရှိဟု တရုတ်ပညာရှင်များ ကြေငြာ
- မစ်ကီးဝေး ဂလက်ဆီတွင်းက ကြယ်သင်္ချိုင်းကြီး
- ဥက္ကာပျံကြောင့် လောင်မီးကျ ပျက်စီးသွားတဲ့ ရှေးဟောင်းမြို့
- ဂြိုဟ်သားတွေနဲ့ ဘာကြောင့် အဆက်အသွယ် မရသေးတာလဲ
- အာကာသက ဘယ်လောက်အေးလဲ
- အာကာသတွင်းနက်ကြီး အစားခံလိုက်ရတဲ့ကြယ်
- အလင်း ဘယ်လောက်ဝေးဝေးထိ ရောက်နိုင်လဲ
- အာကာသ ထဲမှာ အသံ ကြားရလား
- ကမ္ဘာ့အကြီးဆုံး လေယာဉ်ပျံ ကြီးတွေ
- စိတ်ဖြင့် ထိန်းချုပ်ပြီး အောက်ပိုင်းသေသူ လမ်းလျှောက်နိုင်စေသောစက် တီထွင်အောင်မြင်