ကမ္ဘာပေါ်မှာ ရှိနေတဲ့ ရေတွေရဲ့ ၉၇ ရာခိုင်နှုန်းလောက်က ပင်လယ်ထဲမှာ ပင်လယ်ရေငန် အနေနဲ့ ရှိနေတာပါ။ ဒီပင်လယ်ရေတွေဟာ ဆာငန်ရေမို့ လူတွေ သောက်သုံးလို့ မရပါဘူး။ ရေရှားပါးတဲ့ အရပ်ဒေသ တွေမှာတော့ ဒီ ပင်လယ်ရေငန်တွေကိုပဲ ရေချိုချက်ပြီး သောက်သုံးကြရပါတယ်။ ဒါပေမယ့် ဒီပင်လယ်ရေငန်ကနေ ရေချိုချက်တာက ကုန်ကျစားရိတ် အရမ်းများလွန်းပါတယ်။
တောင်ကိုရီးယားနိုင်ငံ အူဆန် အမျိုးသား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် (Ulsan National Institute of Science and Technology, UNIST) က အင်ဂျင်နီယာတွေဟာ ဈေးသက်သက်သာသာနဲ့ ပင်လယ်ရေငန်ကနေ ရေချိုထုတ်ပေးနိုင်မယ့် ကိရိယာ တစ်မျိုးကို တီထွင်လိုက်ကြပါတယ်။
ဒီကိရိယာမှာ အဓိကအားဖြင့်တော့ နေရောင်ခြည်ရဲ့ အပူဓါတ် စွမ်းအင်ကို အသုံးချပြီး ပင်လယ်ရေငန်ကနေ ရေချို ထုတ်လုပ်တဲ့ နည်းပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အခြေခံကတော့ ပင်လယ်ရေငန်ကို နေရဲ့ အပူချိန်ကို အသုံးပြုပြီး အငွေ့ပျံ စေပါတယ်။ ဒီရလာတဲ့ ရေငွေ့ကို အအေးခံပြီး ငွေ့ရည်ဖွဲ့လို့ ကျလာတဲ့ ရေချိုကို သောက်ရေအဖြစ် အသုံးပြုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။
အခု ထုတ်လုပ်လိုက်တဲ့ နေရောင်ခြည် စွမ်းအင်သုံး ရေချိုထုတ်စက်ကို 3D ပရင်တာနဲ့ အလွယ်တကူ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။ ဒီကိရိယာဟာ နေရောင်ခြည်ကလာတဲ့ အပူစွမ်းအင်ရဲ့ ၈၉% ထိအောင် ဖမ်းယူနိုင်စွမ်းရှိပါတယ်။ ဒီကိရိယာက နေရောင်ခြည်ကို အသုံးပြုပြီး တစ်နာရီကို ရေမျက်နှာပြင် အကျယ် ၁ မီတာ ပတ်လည်ကနေ ရေ ၁.၆ ကီလိုဂရမ် အငွေ့ပျံအောင် ပြုလုပ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ (အကြမ်းဖျင်းအားဖြင့် ရေချို ၁.၆ ကီလိုဂရမ်ဟာ ၁.၆ လီတာနဲ့ ညီမျှပါတယ်)။
နေရောင်ခြည်သုံး ရေချိုထုတ်စက်တွေရဲ့ စွမ်းဆောင်ရည်ဟာ အဓိကအားဖြင့် သူ့ရဲ့ ဒီဇိုင်းပေါ် အများကြီး မူတည်နေပါတယ်။ သေချာ ဒီဇိုင်းမထုတ်ထားတဲ့ ရေချိုထုတ်စက်တွေဆိုရင် အပူဆုံးရှုံးမှု များတာတွေ ဆားတွေ ခဲပြီး သုံးမရ ဖြစ်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
UNIST က အင်ဂျင်နီယာတွေက ဒီပြဿနာကို နည်းလမ်း ၂ မျိုးနဲ့ ဖြေရှင်းထားပါတယ်။
(၁) 3D ပရင်တာနဲ့ ပုံသွင်းထုတ်လုပ်ထားတဲ့ ခွက်ကလေးကို ထည့်သွင်းထားပါတယ်။ ဒီခွက်ကလေးရဲ့ အတွင်းမှာ ရောင်ပြန်အား ကောင်းတဲ့ ပစ္စည်းနဲ့ ဖုံးအုပ်ထားပါတယ် (၂ တွင်ကြည့်ရန်)။ ဒီခွက်ရဲ့ ပုံစံကိုလဲ မှန်ဘီလူးပုံစံ ခွက်ခွက်ကလေး ပြုလုပ်ထားတာမို့ ကျရောက်လာတဲ့ နေရောင်ဟာ အတွင်းမှာ အထပ်ထပ် ရောင်ပြန်ဟပ်ပြီး အပူအဖြစ် ပြောင်းလဲသွားပါတယ်။
(၂) ဒီ အပူခံ ခွက်ကလေးရဲ့ အောက်ခြေကို ဖုံးအုပ်ထားတဲ့ ပစ္စည်းက နှစ်လွှာပါတဲ့ ပစ္စည်းနဲ့အုပ်ထားတာပါ။ အောက်ခြေအလွှာကို ဖိုက်ဘာမှန်နဲ့ ပြုလုပ်ထားပြီး အပေါ်လွှာကိုတော့ ကာဘွန်ပိုလီမာနဲ့ အုပ်ထားပါတယ်။ ဒီအောက်ခြေက အလွှာနှစ်ခုက အလင်းပြန်အား ကောင်းစေသလို တချိန်ထဲမှာ ဆားတွေ အနည်ထိုင်ပြီး ကပ်မသွားအောင်လဲ ကာကွယ်ပေးပါတယ်။
UNIST တက္ကသိုလ် စွမ်းအင်နှင့် ဓါတုအင်ဂျင်နီယာဌာန (School of Energy and Chemical Engineering at UNIST) က ပါမောက္ခ ဂျီဟွန်ဂျန်း (Professor Ji-Hyun Jang) က “အခုကျွန်တော်တို့ ထွင်လိုက်တဲ့ နေစွမ်းအားသုံး ရေချိုထုတ်စက်ဟာ ဈေးသက်သက်သာသာနဲ့ စိတ်ချရတဲ့ ရေချို ချက်ပေးနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး တာရှည်လဲ ခံမှာ ဖြစ်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
Reference: UNIST Unveils High-Performance, 3D-Printed Solar Evaporator for Desalination | UNIST
ပင်လယ်ရေငန်ကနေ ဈေးသက်သက်သာသာနဲ့ သောက်ရေသန့်ထုတ်နိုင်မယ့်စက်
October 9, 2021
Other Posts
- ဂျပန် လဆင်းယာဉ် ပျက်ကျ
- James Webb ရဲ့ ကြည်လင် ပြတ်သားသော ပုံရိပ် နာဆာထုတ်ပြန်
- သိပ္ပံပညာရှင်များက အာကာသယာဉ်မှုးများ၏ မစင်မှ အစာထုတ်ရန် သုတေသနပြု
- လွန်ခဲ့တဲ့ နှစ်သန်း ၃၀၀ တုန်းက ကမ္ဘာ့မြေပုံ
- SpaceX Crew-3 အောင်မြင်စွာ ပြန်လည်ဆင်းသက်
- အသားစား အပင်မျိုးသစ်တွေ့ရှိ
- Solar Storm ကြောင့် အင်တာနက်လိုင်းများ လနှင့်ချီ ပြတ်တောက်နိုင်သည့် အန္တရာယ် ပညာရှင်များက သတိပေး
- လွန်ခဲ့သော နှစ် ၅ သိန်းက ပျောက်ဆုံးသွားခဲ့သော လူသားမျိုးနွယ်စု၏ အထောက်အထား ရှာတွေ့
- အာကာသတွင်း ရေဒီယိုလှိုင်းများ အဆက်မပြတ် ထုတ်လွှင့်ရာ ရပ်ဝန်းသစ်တစ်ခု ရှာဖွေတွေ့ရှိ
- အပြည်ပြည်ဆိုင်ရာ အာကာသစခန်းမှ ယာဉ်မှူးများ ကယ်ဆယ်ရေး နာဆာနှင့် SpaceX ဆွေးနွေး
