mmpopsci.com

Black hole အသေးလေးတွေ လမျက်နှာပြင်ကို ဝင်တိုက်ခဲ့တယ်ဟုဆို

<< Go Back

လမျက်နှာပြင်မှာ ဖြစ်ပေါ်နေတဲ့ ကျင်းတွေ ချိုင့်တွေအနက် အချို့ ကျင်းချိုင့်တွေဟာ စကြာဝဠာ အစဦးက ဖြစ်ပေါ်ခဲ့တဲ့ primordial black holes အသေးလေးတွေ ဝင်တိုက်လို့ ဖြစ်ပေါ်လာ ခဲ့တာ ဖြစ်တယ်လို့ သုတေသီ အဖွဲ့တစ်ခုက သူတို့ တင်ပြတဲ့ စာတမ်း တစ်စောင်မှာ အဆိုပြုထားပါတယ်။

ဒီ အချက်သာ မှန်ကန် ခဲ့မယ် ဆိုရင် အမှောင်ဒြပ် (Dark Matter) ကို ရှာဖွေနေကြတဲ့ သုတေသန တွေအတွက် ကြီးမားတဲ့ ဖွံ့ဖြိုး တိုးတက်မှု တွေကို ဖြစ်ပေါ်စေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု အဆိုပြုချက်ကို “တော်ဝင် နက္ခတ်အသင်းကြီး၏ လစဉ်မှတ်တမ်းများ (Monthly Notices of the Royal Astronomical Society)” သုတေသန ဂျာနယ်ကြီးမှာ တင်ပြထားတာ ဖြစ်ပါတယ်။

ရှေးဦး တွင်းနက်များ (Primordial Black Holes) တွေဟာ Big Bang မဟာ ပေါက်ကွဲမှုကြီး စဖြစ်တဲ့ အချိန်နဲ့ မရှေးမနှောင်းမှာ စတင် ပေါ်ပေါက် လာခဲ့တယ်လို့ ပညာရှင် တွေက ယုံကြည်ကြပါတယ်။ အထူးသဖြင့် ဒီ ရှေးဦးတွင်းနက် တွေဟာ အမှောင်ဒြပ် (သို့) ကိုယ်ပျောက်ဒြပ် (Dark Matter) တွေနဲ့ ဖွဲ့စည်း ထားခဲ့တယ်လို့ ယုံကြည် ကြပါတယ်။

အခုထိတော့ ဒီ ရှေးဦးတွင်းနက်တွေကို ရှာဖွေ တွေ့ရှိ ရခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဂလက်ဆီ တွေရဲ့ အလယ်မှာ ရှိတဲ့ မဟာ တွင်းနက်ကြီး (Supermassive Black Holes) တွေရဲ့ မူလ အစဟာ ရှေးဦး တွင်းနက် တွေ ဖြစ်တယ် လို့လဲ ယူဆ ကြပါတယ်။

ဒီ ရှေးဦး တွင်းနက်တွေရဲ့အရွယ်အစားနဲ့ ပါတ်သက်လို့လဲ သေချာ မသိ ကြပါဘူး။ ဒါပေမယ့် အချို့ ရှေးဦးတွင်းနက် တွေဟာ အရွယ်အစား အလွန် သေးငယ် ကြမယ်လို့ ယူဆကြပါတယ်။ 

အခု စာတမ်းရဲ့ အဆိုအရ Big Bang မဟာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်ပြီး မရှေးမနှောင်းမှာ အက်တမ် အမှုန်လောက်ပဲ ရှိကြတဲ့ ရှေးဦး တွင်းနက်လေးတွေ အမြောက်အများ ပေါ်ပေါက် လာခဲ့ပါတယ်။ ဒီ ရှေးဦး တွင်းနက် လေးတွေဟာ စကြာဝဠာကြီး ပြန့်ကား သွားတာနဲ့ အတူ စကြာဝဠာ အနှံ့ အပြားကို ပြန့်ကျဲ သွားကြပါတယ်။

ဒီ ရှေးဦး တွင်းနက်တွေအနက် အချို့ဟာ နေ အဖွဲ့အစည်း ရဲ့ နယ်နိမိတ် ထဲကိုလဲ ရောက်ကောင်း ရောက်လာ နိုင်ခဲ့ပါတယ်။ ဒီ အထဲက အချို့ ရှေးဦး တွင်းနက် လေးများဟာ လရဲ့ မျက်နှာပြင်ကို ဝင်တိုက်မိခဲ့ ကြနိုင်တယ်လို့ ဒီ စာတမ်းက အကြံပြု ထားပါတယ်။

စာတမ်း တင်ပြတဲ့ ပညာရှင်တွေက ဒီလို ရှေးဦး တွင်းနက်လေးတွေ ဝင်တိုက်ခဲ့ ကြတာ ကျွန်တော်တို့ရဲ့ လ တစ်ခုထဲ မဟုတ်ပါဘူးတဲ့။ နေအဖွဲ့အစည်း ထဲက အခြား ဂြိုဟ်တွေ ကိုလဲ ဝင်တိုက်မိ ခဲ့ကြသလို ကမ္ဘာပေါ်ကိုလဲ ဝင်တိုက်ခဲ့ကြမယ် လို့ ဆိုပါတယ်။ ဒါပေမယ့် ကမ္ဘာမှာက ကာကွယ်ပေးထားတဲ့ လေထု ရှိနေတဲ့ အတွက် ဒီ တွင်းနက် ပိစိကွေး လေးတွေဟာ ကမ္ဘာ့ မျက်နှာ ပြင်ကို သိပ်ပြီး ထူးထူး ခြားခြား ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

“တကယ်ကတော့ ကျွန်တော်တို့ လ က ထူးထူး ခြားခြား ရှေးဦးတွင်းနက် ပိစိလေးတွေ ဝင်တိုက်ခံရတာ မဟုတ်ပါဘူး။ အခု စာတမ်းမှာ လ ကို နမူနာ ထားရတာက လက ကျွန်တော်တို့နဲ့ အနီးဆုံး မှာ ရှိတဲ့အတွက် သေခြာလေ့လာထားပြီးသား အချက်တွေ ရှိနေလို့ပါ” လို့ ဒီစာတမ်းမှာ ပါဝင်ရေးသား ခဲ့တဲ့ အယ်လ်မော့ ယာလင်နီဗစ် (Almog Yalinewich) က ပြောပါတယ်။

အမှောင်ဒြပ် (Dark Matter) အတွက်အထောက်အထား

ယခု စာတမ်းကို တင်ပြတဲ့ ပညာရှင်တွေက ရှေးဦး တွင်းနက် အသေးလေးတွေ ရှိကြောင်း အထာက်အထား တွေဟာ အမှောင်ဒြပ်နဲ့ ပါတ်သက်လို့  အမြင်သစ်တွေ ပေါ်ထွန်းလာစေမယ်လို့ ယုံကြည်ကြပါတယ်။ 

အချို့ ရူပဗေဒ ပညာရှင် တွေက အမှောင် ဒြပ်တွေဟာ စကြာဝဠာ အစဦးက ဖြစ်ထွန်းလာခဲ့တဲ့ ရှေးဦး တွင်းနက် တွေထဲမှာ ပိတ်မိနေ ကြတယ်လို့ ယူဆကြပါတယ်။ ဒီတော့ အကယ်လို့သာ ဒီ ရှေးဦး တွင်းနက်တွေအနက်က အချို့ဟာ လ ကို ဝင်ဆောင့်ခဲ့တယ် ဆိုရင် ဒီ ဆောင့်မိတဲ့ နေရာမှာ အမှောင်ဒြပ်နဲ့ ပါတ်သက်တဲ့ အထောက်အထားတွေ ကျန်ရစ်ခဲ့မယ်လို့ ယူဆကြပါတယ်။ 

ဒီ ရိုက်ခတ်မိ ခဲ့တဲ့ အမှောင်ဒြပ် တွေဟာ ပုံမှန် ဒြပ်တွေရဲ့ ဂုဏ်သတ္တိ တွေကို ပြောင်းလဲသွားအောင် ပြုလုပ်နိုင် ပါတယ်။ 

ဒါ့ကြောင့် လကျောက်သား ပြင်မှာ ပုံမှန် မဟုတ်တဲ့ ဒြပ်ဖွဲ့စည်းပုံတွေ ကို တွေ့ရမယ် ဆိုရင် ဒါဟာ အမှောင်ဒြပ်အတွက် သက်သေ တစ်ခု ဖြစ်လာ နိုင် ပါတယ်။ ပုံမှန် ဖွဲ့စည်းပုံ မဟုတ်တဲ့ ဒြပ်ဖွဲ့စည်းပုံ ဆိုတာက ဓါတ်ခွဲခန်း ထဲမှာတောင် ဖန်တီးလို့ မရနိုင်တဲ့ ထူးထူးခြားခြား အရာ ဝတ္ထုတွေကို ဆိုလိုတာ ဖြစ်ပါတယ်။

သုတေသီ တွေကတော့ နောင် လကမ္ဘာကို စေလွှတ်မယ့် အာကာသ စူစမ်းလေ့လာရေး ယာဉ်တွေကို အသုံးပြုပြီး  ဒီလို ရှေးဦးတွင်းနက်တွေ ဝင်ရောက်တိုက်မိ ခဲ့ကြတဲ့ ဥက္ကာကျင်းတွေကို ရှာဖွေ လေ့လာဖို့ အကြံပြု ထားကြပါတယ်။

— မောင်သူရ (မြန်မာ့သိပ္ပံ) —

Reference: Scientists Say Mini-Black Holes May Have Smashed Into the Moon | Futurism

 

November 21, 2021

<< Go Back