အမျိုးအမည် မသိ ယာဉ်ပျံ (UFO) တွေ တွေ့တယ်ဆိုတဲ့ သတင်းပို့ချက် တွေနဲ့ ပါတ်သက်လို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ့် ဌာန အသစ် တစ်ခုကို အမေရိကန် ပြည်ထောင်စု ပင်တဂွန်စစ်ဌာနချုပ်က ဖွင့်လှစ်လိုက်တယ်လို့ သိရပါတယ်။
ဒီ ဖွင့်လှစ်လိုက်ကြောင်း ကြေငြာချက်မှာ အမျိုးအမည် မသိ ယာဉ်တွေကို အများခေါ်ဝေါ်တဲ့ UFO (Unidentified Flying Object) “အမျိုးအမည် မခွဲခြား နိုင်သော ပျံသန်းနေသည့် အရာဝတ္ထုများ” လို့ မသုံးနှုန်းပဲ “Unidentified Aerial Phenomena” “အမျိုးအမည် မခွဲခြား နိုင်သော လေကြောင်း သဘာဝ” ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲ ထားပါတယ်။ ဒီ အသစ် ဖွင့်လှစ်လိုက်တဲ့ ဌာနဟာ ထောက်လှမ်းရေးနှင့် လုံခြုံရေး ညွှန်ကြားရေးမှူးရုံး (Under Secretary of Defense for Intelligence & Security) ရဲ့ လက်အောက်မှာ ဖွင့်လှစ်လိုက်တဲ့ ဌာန တစ်ခု ဖြစ်ပါတယ်။
ဒီလို ထောက်လှမ်းရေး ဌာနရဲ့ အောက်မှာ UFO စုံစမ်းစစ်ဆေးရေး ဌာနကို ဖွင့်လှစ်တာနဲ့ ပါတ်သက်လို့ ဝေဖန်မှုတွေ ပေါ်ထွက်လို့ လာပါတယ်။ သူတို့ အဓိက ထောက်ပြတဲ့ အကြောင်းရင်း ကတော့ ထောက်လှမ်းရေး ဌာန ဆိုတာက အစဉ်အလာ အရ လှို့ဝှက်မှုတွေနဲ့ ပြည့်နေပြီး ပွင့်လင်း မြင်သာမှု မရှိတဲ့ ဌာန တစ်ခု ဖြစ်တယ် ဆိုတာပါပဲ။ သူတို့ဆီ ရောက်လာတဲ့ အချက်အလက်တွေကို သိုဝှက်ထားပြီး ပြည်သူတွေ မသိရှိအောင် ထိန်းချုပ်ထားလေ့ ရှိတဲ့ ဌာန တစ်ခုပါ။ ဒီလို ဌာနအောက်မှာ အခုလို စုံစမ်းရေး ဌာနကို ဖွင့်လှစ်တာဟာ သင့်တော်မှု မရှိဘူးလို့ ထောက်ပြကြပါတယ်။
အခု ဌာန အသစ်ကို ဖွင့်လှစ်တာကို ၂၀၂၁ ဒီဇင်ဘာမှာ အတည်ပြု ခဲ့တဲ့ အမျိုးသား ကာကွယ်ရေး ဥပဒေမှာ ထည့်သွင်း ထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အသေးစိတ်ကို ဖေါ်ပြထားခြင်း မရှိပဲ “အမျိုးအမည် မခွဲခြား နိုင်သော လေကြောင်း သဘာဝကို လေ့လာစုံစမ်းရန် လိုအပ်သော ဌာနတစ်ခု ဖွင့်လှစ်ရန် လိုအပ်သော ရုံးအဖွဲ့၊ ဖွဲ့စည်းပုံနှင့် အာဏာနှင့် လုပ်ပိုင်ခွင့်များ ပြဌာန်းရန်” လို့ပဲ ရေးသား ထားပါတယ်။
အခု ဌာနအသစ်ကို ဖွဲ့စည်းတာဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းက အမေရိကန် လေတပ်က လေယာဉ်မှူးတစ်ဦးရဲ့ ပျံသန်းမှု ဗီဒီယို ကင်မရာမှာ အမျိုးအမည် မသိ ထူးဆန်းတဲ့ ယာဉ်ပျံတစ်စီး ပျံသန်းနေတာကို ရိုက်ယူထားတဲ့ ဗီဒီယိုကို အမေရိကန် လေတပ်က ထုတ်ပြန်လိုက် အပြီး လူထုကြား UFO တွေနဲ့ ပါတ်သက်လို့ စိတ်ဝင်စား မှုတွေ ပြန်လည် များပြား လာချိန်နဲ့လဲ တိုက်ဆိုင်နေပါတယ်။
ဒီလို တွေ့မြင်ရတဲ့ အရာဝတ္ထုတွေဟာ တကယ်ပဲ အဆင့်မြင့် နည်းပညာသုံး ယာဉ်တွေလား ဆိုတာကိုတော့ အတည် မပြုနိုင်ကြ သေးပါဘူး။ အမေရိကန် လုံခြုံရေး အရာရှိတွေကတော့ ကမ္ဘာမြေ ပေါ်က အခြား ပြိုင်ဖက် နိုင်ငံခြား အစိုးရ တွေက အဆင့်မြင့် နည်းပညာသုံး ပျံသန်းရေး ကိရိယာတွေ တီထွင်အောင်မြင် သွားမှာကို ပိုမို စိုးရွှံ့ နေကြတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ နိုင်ငံရဲ့ လုံခြုံရေးဟာ လေကြောင်း အရေးသာ မှုပေါ်မှာ အများကြီး မှီခိုနေပါတယ်။ ဒီ ရှင်းမပြနိုင်တဲ့ လေကြောင်း သဘာဝ တွေက ကျွန်တော်တို့ရဲ့ အရေးသာ မှုကို ခြိမ်းခြောက် နေပါတယ်” လို့ အခု ဌာန ပေါ်ထွန်းရေးအတွက် ကြိုးပမ်းခဲ့တဲ့ နယူယောက် ပြည်နယ်က အထက်လွှတ်တော် အမတ် ကာစ်တန် ဂီလီဘရန် (Sen. Kirsten Gillibrand, D-N.Y) က ပြောပါတယ်။ “အမေရိကန် ပြည်ထောင်စုဟာ ဒီ အမျိုးမခွဲနိုင်တဲ့ လေကြောင်း သဘာဝ တွေကို နားလည်ဖို့နဲ့ ဖြေရှင်းနိုင်ဖို့ အစိုးရ ဌာနတွေ အကြား ညီညွတ်တဲ့ ကြိုးပမ်း အားထုတ်မှု လိုအပ်ပါတယ်” လို့ သူက ဆက်ရှင်းပြပါတယ်။
အခြား တဖက်က ကြည့်ရင်လဲ ဒီ UFO မြင်ရမှုတွေနဲ့ ပါတ်သက်လို့ အဆင့်မြင့် နည်းပညာ မဟုတ်တဲ့ အခြား အကြောင်းပြချက်တွေလဲ ရှိနေနိုင် ပါတယ်။ ဥပမာ ၂၀၂၁ ခုနှစ်က ကနေဒါမှာ မြင်တွေ့ခဲ့ ကြရတဲ့ အစိမ်းရောင် တောက်ပတဲ့ UFO တွေဟာ တကယ့်လက်တွေ့မှာတော့ ပါဆီအက် ကြယ်မိုး (Perseid meteor shower) ရွာသွန်းမှုကြောင့် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီလိုပဲ အမေရိကန် ရေတပ်က လေယာဉ်မှူးတွေ ရိုက်ယူခဲ့တဲ့ အမျိုးအမည် မသိ ယာဉ်ပျံဟာလဲ တကယ်တော့ ကင်မရာထဲ အပြင်က အလင်းရောင် ဝင်ပြီး ဖြစ်လာတဲ့ ပုံရိပ်ယောင် ဖြစ်နိုင်ပါတယ်။
အချို့ ဝေဖန် သူတွေကတော့ UFO ယုံကြည် သူတွေဟာ ပင်တဂွန်က UFO စုံစမ်းမှု ဌာနအတွက် လိုအပ်တဲ့ ဘတ်ဂျက် ငွေကြေးကို ကြည်ကြည်ဖြူဖြူ ခွင့်ပြုကြလိမ့်မယ် လို့ ဆိုပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အမေရိကန် ကာကွယ်ရေး ဌာနက လူတွေက ဂြိုဟ်သားတွေ ကမ္ဘာမြေပေါ် ရောက်လာနေပြီလို့ ယုံကြည်လို့ ဒီလို စုံစမ်း ထောက်လှမ်းနေတာလို့တော့ ယူဆလို့ မရပါဘူးလို့ ထောက်ပြ ကြပါတယ်။
ဒါပေမယ့် အချို့ကလဲ အခုအချက်ဟာ အမေရိကန် အစိုးရ လုံခြုံရေး တာဝန်ရှိသူတွေ အနေနဲ့ ဒီ UFO ကိစ္စကို အရင်လို ပေါ့သေးသေး သဘောမထားတော့ပဲ အန္တရာယ် ရှိနိုင်တဲ့ ကိစ္စ တစ်ခု အနေနဲ့ အလေးထား လာတယ်ဆိုတာကို ပြသနေတယ်လို့လဲ ထောက်ပြ ကြပါတယ်။
တဖက်ကလဲ အမေရိကန် တပ်မတော် အနေနဲ့ ဒီလို စုံစမ်းစစ်ဆေး မှုတွေကို ပြုလုပ်ဖို့ ဖိအားပေး ခံရတာနဲ့ ပါတ်သက်လို့ ကွန်ဂရက်က နိုင်ငံရေး သမားတွေ အပေါ်မှာ ဝေဖန်မှုတွေ ရှိလာပါတယ်။
အခု ဌာန အသစ်ကို Airborne Object Identification and Management Synchronization Group (AOIMSG) လို့ အမည်ပေးထားပါတယ်။ မြန်မာလို ပြန်ရရင်တော့ လေကြောင်း ပျံသန်းဝတ္ထု အမျိုးအမည် ခွဲခြားရေးနှင့် စီမံခန့်ခွဲမှု ထိန်းညှိရေး တပ်ဖွဲ့ လို့ အနီးစပ်ဆုံး ပြန်ရမယ် ထင်ပါတယ်။
ဒီ အဖွဲ့ဟာ အမေရိကန် တပ်မတော် အတွင်းမှာတင် မက အမေရိကန် အစိုးရ ဌာန အသီးသီးရဲ့ UFO စုံစမ်း စစ်ဆေး မှုတွေကို ညှိနှိုင်း ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စုံစမ်း ရရှိတဲ့ အမျိုးအမည် မသိ ယာဉ်ပျံ သတင်းပို့ချက် တွေ တစ်ခုချင်းစီရဲ့ အမျိုးသား လုံခြုံရေး အပေါ် ထိခိုက်လာနိုင်မှု ကို ဆုံးဖြတ်ပေးဖို့လဲ (Threat assessment) တာဝန်ရှိပါတယ်။ ဒီ ယာဉ်ပျံ တွေကြောင့် အမျိုးသား လုံခြုံရေးနဲ့ လေကြောင်း ပျံသန်းမှု တွေအပေါ် ကျရောက်လာနိုင်တဲ့ အန္တရာယ် တွေကို ကြိုတင် မျှော်တွေးပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့လဲ ဝာာဝန်ယူရမယ် လို့ ကာကွယ်ရေး ဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“အမေရိကန်ကာကွယ်ရေးဌာန (Department of Defence) ဟာ မည်သည့် လေကြောင်း ကျူးကျော် မှုမျိုးကိုမဆို အထူး အလေးထား ကိုင်တွယ် ဆောင်ရွက်မှာ ဖြစ်ပြီး တစ်ခုချင်းစီကို အသေးစိတ် စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပါတယ်” လို့ ဒီ သတင်း ထုတ်ပြန်ချက်မှာ ဆက်လက် ဖော်ပြ ထားပါတယ်။
Reference: Pentagon launches new UFO office. Not all believers are happy about it | Live Science
အမျိုးအမည်မသိ ယာဉ်များစုံစမ်းရေးဌာန ပင်တဂွန် ဖွဲ့စည်း
January 13, 2022
Other Posts
- ကမ္ဘာကြီး လည်နေတယ်ဆိုရင် ဘာ့ကြောင့် ကျွန်တော်တို့ မသိရတာလဲ
- အချိန်ခရီးသွားပြီး အတိတ်ကို ပြောင်းလဲနိုင်မလား
- ဂြိုဟ်တွေ ကန့်လန့်ပတ်နေတဲ့ကြယ်
- လပေါ်တွင် GPS လမ်းညွှန် အသုံးပြုနိုင်ရန် နာဆာကြိုးစားနေ
- ချင်ပန်ဇီ မျောက်တွေရဲ့ ဘာသာစကား ရှာဖွေတွေ့ရှိ
- အာကာာသ လေဟာနယ်မှာ အသက်ရှင်နိုင်တဲ့ “ရေဝံ”
- အခြားကမ္ဘာမှ နည်းပညာများအား ရှာဖွေမည့် ဂယ်လီလီယို စီမံကိန်း
- AI နည်းပညာ ပြိုင်ပွဲမှာ တရုတ်က အနိုင်ရသွားပြီလို့ ပင်တဂွန်ရဲ့ ဆော့ဝဲအရာရှိချုပ်ဟောင်းပြော
- သင့်ကလေးရဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု (Self-esteem) ကို ဘယ်လိုမြှင့်တင် ပေးမလဲ
- အဖေနှစ်ယောက် ကမွေးတဲ့ ကြွက် အောင်မြင်စွာ ဖန်တီးနိုင်ပြီ
