မနေ့က ဖြစ်ပေါ်ခဲ့တဲ့ နေမုန်တိုင်း (Solar Storm) ကြောင့် စုစုပေါင်း ဆက်သွယ်ရေး ဂြိုဟ်တု အလုံး ၄၀ ဆုံးရှုံးခဲ့ရ တယ်လို့ Space X က ကြေငြာ ခဲ့ပါတယ်။ ဒီ ဂြိုဟ်တု တွေကို ကမ္ဘာပတ် လမ်းကြောင်းထဲကို လွှတ်တင်ပြီး ရက်အနည်းငယ် အတွင်းမှာ ဆုံးရှုံးခဲ့ ရတာ ဖြစ်ပါတယ်။
နေမုန်တိုင်း တွေဟာ နေရဲ့ မျက်နှာပြင်က အင်အား ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြောင့် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။ ဒီလို ပေါက်ကွဲမှုတွေမှာ လျှပ်စစ်ဓါတ်ဆောင်တဲ့ အက်တမ် အမှုန်တွေ အရှိန်အဟုန်နဲ့ လွင့်ထွက်လာပြီး ကမ္ဘာကို လာရောက် ရိုက်ခတ်တာပဲ ဖြစ်ပါတယ်။
အခု ဆက်သွယ်ရေး ဂြိုဟ်တုတွေကို အီလွန် မာခ်စ် ပိုင်ဆိုင်တဲ့ Space X ကုမ္ပဏီက အရင် အပတ်က ကမ္ဘာပါတ် လမ်းကြောင်းထဲကို လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ စုစုပေါင်း ၄၉ စင်း လွှတ်တင် ခဲ့တာမှာ အစင်း ၄၀ ဆုံးရှုံးသွား ခဲ့တာ ဖြစ်ပါတယ်။
အခု လွှတ်တင်တဲ့ ဂြိုဟ်တုတွေဟာ ကမ္ဘာပါတ် လမ်းကြောင်းကတဆင့် အင်တာနက် ဝန်ဆောင်မှု ပေးမယ့် Starlink အင်တာနက် ဂြိုဟ်တု ကွန်ယက်ရဲ့ အစိတ်အပိုင်း ဖြစ်လာမယ့် ဂြိုဟ်တုတွေ ဖြစ်ကြပါတယ်။
ဒီ Starlink အင်တာနက် ဂြိုဟ်တုကွန်ယက်မှာ စုစုပေါင်း ဂြိုဟ်တု အစင်းရေ ထောင်ချီ ပါဝင်မှာ ဖြစ်ပြီး မြန်နှုန်းမြင့် အင်တာနက်ကို တစ်ကမ္ဘာလုံး ပေးနိုင်အောင် စီမံ ထားတယ်လို့ သိရပါတယ်။
ဒီ ဂြိုဟ်တု အင်တာနက် စနစ်ဟာ သာမန် အင်တာနက်ထက် ပိုဈေးကြီးပေမယ့် သာမန် မိုဘိုင်း အင်တာနက် မရတဲ့ အရပ် ဒေသတွေ အတွက် အဆင်ပြေ နိုင်မယ်လို့ ဆိုပါတယ်။
ဆက်စပ်ဆောင်းပါး – Solar Storm ကြောင့် အင်တာနက်လိုင်းများ လနှင့်ချီ ပြတ်တောက်နိုင်ကြောင်း ပညာရှင်များက သတိပေး
ဥပမာ အရင် သီတင်းပါတ် အနည်းငယ်က ငလျင်ဒါဏ် ခံခဲ့ရတဲ့ တွန်ဂါ ကျွန်းကို သွယ်တန်းထားတဲ့ ရေအောက်ဖိုင်ဘာကြိုး ပြတ်တောက်သွားတဲ့အခါ အနီးအနားမှာ Starlink အင်တာနက် ဖမ်းစက် ထောင်ပြီး အင်တာနက် ရအောင် ဆောင်ရွက်နိုင် ခဲ့တယ်လို့ ဆိုပါတယ်။
အခု နောက်ဆုံး လွှတ်တင်တဲ့ ဆက်သွယ်ရေး ဂြိုဟ်တု ၄၉ စင်းကို ကမ္ဘာ မြေပြင်အထက် မိုင် ၁၃၀ အမြင့်မှာ လွှတ်တင်ထားတာ ဖြစ်ပါတယ်။ လွှတ်တင်ပြီးနောက် ဒီဂြိုဟ်တုတွေ အားလုံး ပုံမှန် ပျံသန်းနေခဲ့ ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီလို ပုံမှန် ပျံသန်းနေပြီး နောက်တနေ့မှာ နေကနေ အင်အား ပြင်းထန်တဲ့ နေမုန်တိုင်း တစ်ခု ကမ္ဘာကို ရိုက်ခတ်လာ ခဲ့ပါတယ်။ ဒီ နေမုန်တိုင်းကြောင့် ကမ္ဘာ့ လေထု အပေါ်ယံလွှာဟာ ပုံမှန်ထက် ပိုပူလာခဲ့ပြီး လေထုရဲ့ သိပ်သည်းဆလဲ ပြောင်းသွား ခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို သိပ်သည်းဆ ပြောင်းသွားတဲ့ လေထုက လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေကို မူလထက် ၅၀% ပိုမြန်တဲ့ အရှိန်နဲ့ လမ်းကြောင်း ပြောင်းအောင် ဆွဲချသွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီလို ဆွဲချတဲ့ဒါဏ် ခံနိုင်ဖို့ ဒီ ဂြိုဟ်တု တွေကို Safe Mode ကို ပြောင်းပြီး ဒီ လေစီးကြောင်း ဆွဲရာ ကို မျောပါ ခဲ့ကြပါတယ်။
ဒါပေမယ့် ဒီလို ဒရွတ် ဆွဲသွားတဲ့ ဆွဲအား များလွန်းတာကြောင့် ဆက်သွယ်ရေး ဂြိုဟ်တု အများစုဟာ မူလ လမ်းကြောင်းပေါ်ကို ပြန်တက်ဖို့ ကြိုးစားရာမှာ မအောင်မြင်တော့ပဲ လေထု အောက်ပိုင်းကို ပြန်ဝင်ပြီး လောင်ကျွမ်း ပျက်ကျ သွားခဲ့ကြတယ်လို့ ဆိုပါတယ်။
Space X ရဲ့ သတင်း ထုတ်ပြန်ချက် အရ စုစုပေါင်း အစင်း ၄၀ အထိ ပျက်ကျသွားတဲ့ အထဲ ပါမယ်လို့ ဆိုပါတယ်။
လောင်ကျွမ်း ပျက်ကျလာတဲ့ ဂြိုဟ်တုတွေဟာ လေထုထဲမှာပဲ လောင်ကျွမ်းသွားမှာ ဖြစ်လို့ ကမ္ဘာမြေ ပေါ်ကိုတော့ ထိမှန်ခြင်း ရှိလိမ့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
Reference: SpaceX loses 40 satellites to geomagnetic storm a day after launch | BBC
Space X ရဲ့ ဆက်သွယ်ရေး ဂြိုဟ်တု အစင်း ၄၀ နေမုန်တိုင်းအတွင်း ဆုံးရှုံး
February 10, 2022
Other Posts
- လက ဘာကြောင့် နီသွားတာလဲ
- ပုံမှန်ထက်ထူးခြားတဲ့ Black Hole တွင်းနက်တစ်ခု ရှာဖွေတွေ့ရှိ
- လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၁) | Astrophysics for People in a Hurry by Neil DeGrasse Tyson
- Black Hole တွေနားမှာ အဆင့်မြင့် သက်ရှိအဖွဲ့အစည်းတွေ ရှာတွေ့နိုင်မယ်
- ကမ္ဘာ့သံလိုက်စက်ကွင်း ပြောင်းပြန်ဖြစ်တော့မည်
- DART Mission ဘယ်လောက် အောင်မြင်သလဲ
- Black hole အသေးလေးတွေ လမျက်နှာပြင်ကို ဝင်တိုက်ခဲ့တယ်ဟုဆို
- အင်္ဂါဂြိုဟ် ပေါ်မှာ အော်ဂဲနစ် ဒြပ်ပေါင်း အထောက်အထားသစ် ရှာတွေ့
- ကြယ်ကြွေတယ် ဆိုတာဘာလဲ
- ကြာသပတေးဂြိုဟ်ထက် ၁၀ ဆကြီးတဲ့ ဂြိုဟ်ကြီးတစ်စင်း ရှာတွေ့
