မနေ့က ပြုလုပ်တဲ့ ဥရောပ တောင်ကမ္ဘာခြမ်း နက္ခတ် သုတေသန ဌာန (European Southern Observatory) ရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဒီ ဓါတ်ပုံကို ထုတ်ဖော် ပြသခဲ့တာ ဖြစ်ပါတယ်။
ဒီ ဓါတ်ပုံ ရဖို့ လွယ်ကူ လှတာတော့ မဟုတ်ပါဘူး။ ဒီပုံကို ရဖို့ ကမ္ဘာတဝန်း မှာ ရှိတဲ့ ရေဒီယို တယ်လီစကုပ် ပေါင်း ၈ လုံး၊ တက္ကသိုလ် နဲ့ သုတေသန ဌာနပေါင်း ၈၀ က ပညာရှင် ၃၀၀ ကျော် ရဲ့ ၅ နှစ်ကြာ ကြိုးပမ်း အားထုတ်မှုကြောင့် ရလာတဲ့ ရလဒ် ဖြစ်ပါတယ်။
မစ်ကီးဝေး ဂလက်ဆီ ရဲ့ ဗဟိုမှာ ရှိတဲ့ ဒီ မဟာ တွင်းနက်ကြီးကို ဆက်ဂျစ်တေးရီးယပ်စ် အေ စတား (Sagittarius A*) လို့ အမည် ပေးထားပါတယ်။ ဒီ မဟာတွင်းနက်ကြီးဟာ ကျွန်တော်တို့ နေ အစင်းပေါင်း ၄ သန်းရဲ့ ဒြပ်ထုနဲ့ ညီမျှတဲ့ ဒြပ်ထု ရှိတဲ့ ဧရာမ တွင်းနက်ကြီး တစ်စင်း ဖြစ်ပါတယ်။
အခု ပုံမှာ မြင်ရတဲ့ အလင်းရောင် ကွင်းကြီးရဲ့ အလယ် ဗဟိုက နည်းနည်း မဲ နေတဲ့ အပိုင်းဟာ ဒီ မဟာ တွင်းနက်ကြီး တည်ရှိတဲ့ အရပ် ဖြစ်ပါတယ်။ သူ့ဘေး ပတ်ခြာလည်က ဒိုးနတ်လို အလင်း အဝိုင်း ကြီးက ပတ်ခြာလည်မှာ ရှိတဲ့ ဓါတ်ငွေ့တွေ ဖြစ်ကြပါတယ်။
ဒီ ဓါတ်ငွေ့တွေဟာ တွင်းနက်ကြီး ထဲကို အလွန် လျှင်မြန်တဲ့အ လျင်နဲ့ ပတ်ခြာလည် လှည့်ပတ်ပြီး စီးဝင် သွားကြပါတယ်။ ဘာနဲ့ တူလဲ ဆိုတော့ ရေဝဲကြီး ထဲကို ရေတွေ စီးဝင် သွားတဲ့ ပုံနဲ့ တူပါတယ်။

ဒီ ဓါတ်ငွေ့ ကွင်းကြီးရဲ့ အရွယ် အစားဟာ အကြမ်းဖျင်း အားဖြင့် ကြာသပတေး ဂြိုဟ် နေကို ပတ်နေတဲ့ ပတ်လမ်း ကွင်း အရွယ် အစားလောက် ရှိပါတယ်။
အတိအကျ ပြောရရင်တော့ အချင်း မိုင် သန်း ၄၀ လောက် ကျယ်ပါတယ်။
ဒီ မဟာ တွင်းနက် ကြီးဟာ ကမ္ဘာကနေ အလင်းနှစ် ၂၆,၀၀၀ ကျော် အကွာအဝေးမှာ ရှိနေပါတယ်။ ဒီတော့ ကျွန်တော်တို့ ကမ္ဘာ အနေနဲ့ ဒီ တွင်းနက် ကြီးထဲ ပြုတ်ကျ သွားဖို့ အကြောင်း မရှိပါဘူး။
အခု ဓါတ်ပုံကို ရိုက်ကူးတဲ့ ပရောဂျက် စီမံကိန်းကို Event Horizon Telescope (EHT) collaboration လို့ အမည် ပေးထားပါတယ်။
အခု black hole တွင်းနက်ရဲ့ ဓါတ်ပုံဟာ ပထမဆုံး တွင်းနက် တစ်ခုရဲ့ ဓါတ်ပုံတော့ မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်က Messier 87 (M87) တွင်းနက်ရဲ့ ဓါတ်ပုံကို ပထမဆုံး အကြိမ် အဖြစ် ရိုက်ယူ နိုင်ခဲ့ပါတယ်။

“ဒါပေမယ့် အခု ဓါတ်ပုံက ကျွန်တော်တို့ အတွက်တော့ ထူးခြား ပါတယ်။ ဘာကြောင့်ဆို ဒီ မဟာတွင်းနက်က ကျွန်တော်တို့ (ဂလက်ဆီ) ရဲ့ တွင်းနက်ကြီး ဖြစ်လို့ပါ” လို့ EHT စီမံကိန်း ရဲ့ ဦးဆောင်သူ တစ်ဦး ဖြစ်သူ Prof Heino Falcke က ရှင်းပြပါတယ်။
“ဒါဟာ ကျွန်တော် တို့ရဲ့ နောက်ဖေး ခြံဝင်းလေ။ အကယ်လို့ တွင်းနက်တွေ အကြောင်း နားလည် ချင်တယ် ဆိုရင် ဖြစ်ဖြစ်၊ သူတို့ ဘယ်လို အလုပ်လုပ်လဲ သဘောပေါက် ချင်ရင် ဖြစ်ဖြစ်၊ ဒီ တွင်းနက်က ကျွန်တော်တို့ကို ပြောပြမှာ ဖြစ်ပါတယ်။ ဘာ့ကြောင့်ဆို သူ့ကို ကျွန်တော်တို့ အသေးစိတ် လေ့လာ နိုင်လို့ပါ” လို့ သူက ဆက်ပြောပါတယ်။ Prof Heino Falcke ဟာ ဂျာမနီ နိုင်ငံ Radboud University Nijmegen က သုတေသီ တစ်ဦး ဖြစ်ပါတယ်။
ဒီ ဓါတ်ပုံကို ရဖို့ တိုက်ရိုက်တော့ ရိုက်ကူးလို့ ရခဲ့တာ မဟုတ်ပါဘူး။
အလင်းနှစ် ၂၆,၀၀၀ အကွာက တွင်းနက်ရဲ့ အရွယ်ဟာ ကမ္ဘာက ကြည့်ရင် ကောင်းကင်မှာ အစက် သေးသေးလေး တစ်စက် အရွယ်ပဲ ရှိပါတယ်။ ဒီ အကွာ အဝေးက ဒီ လောက် အရွယ် အရာဝတ္ထု တစ်ခုကို သေခြာ ပုံဖော် နိုင်ဖို့ ဆိုတာ အလွန် ကြီးမားတဲ့ resolution လိုအပ်ပါတယ်။
ဒီလို very high resolution ဓါတ်ပုံ ရဖို့ ကမ္ဘာ အနှံ့ မှာ ရှိတဲ့ ရေဒီယို တယ်လီ စကုပ် အများအပြားကို ပေါင်းစပ်ပြီး အသုံး ပြုခဲ့ ရပါတယ်။

ဒီ နည်းလမ်းကြောင့် ရလာတဲ့ အကျိုး ကတော့ ကမ္ဘာ အရွယ် အစားလောက် ရှိတဲ့ တယ်လီစကုပ်ကြီး တစ်လုံး ရလာတာပဲ ဖြစ်ပါတယ်။
ဒီက ရလာတဲ့ အချက်အလက် တွေဟာ စုစုပေါင်း gigabytes တစ်သန်း လောက် ပမာဏ ရှိပါတယ်။ ဒီ ပမာဏဟာ အိတ်ထဲ ထည့်သွားလို့ ရတဲ့ ခရီးဆောင် 2TB portable hard disk အလုံး ၅၀၀ လောက် ပမာဏ ရှိပါတယ်။
ဒီ အချက်အလက် တွေကို ခွဲခြမ်း စိတ်ဖြာပြီး ပုံရိပ် ပြန်ဖော်နိုင်ဖို့ အလွန် အားကောင်းတဲ့ ဆူပါ ကွန်ပြူတာ ကြီးနဲ့ နာရီပေါင်း များစွာ တည်ဆောက်ယူ ရတာ ဖြစ်ပါတယ်။
တွင်းနက်ရဲ့ ဆွဲအားက များလွန်းတဲ့ အတွက် အလင်းကိုတောင် မလွတ်တမ်း ဆွဲယူ ထားနိုင်ပါတယ်။ ဒါ့ကြောင့် တွင်းနက်ကို တကယ်တမ်း တိုက်ရိုက်တော့ မမြင်နိုင် ပါဘူး။ ကျွန်တော်တို့ မြင်နိုင် တာက တွင်းနက်ထဲ စီးဝင်သွားတဲ့ ဓါတ်ငွေ့ ဝဲဂယက် ကြီးကိုပဲ ဖြစ်ပါတယ်။
ဒီ ဝဲဂယက် ကြီးကို Accretion disc လို့ အမည် ပေးထားပါတယ်။
ဒီ ဓါတ်ပုံ နှစ်ခုမှာ အဓိက ကွာခြားတာတွေ ရှိနေပါတယ်။
တွင်းနက်ရဲ့ ပတ်လည်က ဓါတ်ငွေ့ ဝဲကြီးရဲ့ အရွယ် အစားဟာ တွင်းနက်ရဲ့ ဒြပ်ထုပေါ် မူတည် ပါတယ်။ Sagittarius A* ရဲ့ ဒြပ်ထုဟာ M87 နဲ့ ယှဉ်ရင် အဆ များစွာ ပိုငယ်ပါတယ်။ ဒီတော့ သူ့ရဲ့ ဓါတ်ငွေ့ ကွင်းကလဲ M87 နဲ့ ယှဉ်ရင် ပိုပြီး သေးနေပါတယ်။
နက္ခတ် ပညာရှင် များရဲ့ တွက်ချက်မှု အရ Sagittarius A* ရဲ့ ဓါတ်ငွေ့ကွင်း ဟာ M87 ရဲ့ ဓါတ်ငွေ့ကွင်းထက် အဆ ၁၀၀၀ လောက် ပိုသေးပါတယ်။

ဒီလို လည်ပတ်နှုန်း မြန်တဲ့ အတွက် ဒီ ဓါတ်ငွေ့ကွင်းရဲ့ ပုံသဏ္ဍာန် ပြောင်းလဲမှု ဟာလဲ အရမ်းကို မြန်ပါတယ်။ ဒီ Sagittarius A* တွင်းနက်ကြီး ဘေးက ဓါတ်ငွေ့ကွင်းရဲ့ ပုံသဏ္ဍာန် ဟာ တစ်ရက်နဲ့ တစ်ရက် မတူအောင်ကို အလျင်အမြန် ပြောင်းလဲ နိုင်ပါတယ်။
ဒီလို ပုံသဏ္ဍာန် အလျင်အမြန် ပြောင်းလဲ နေတဲ့ အတွက် ဖြစ်လာတဲ့ ပြဿနာ ကတော့ သူ့ရဲ့ ဓါတ်ပုံကို ပုံဖော်ရ ခက်ခဲ လာတာပဲ ဖြစ်ပါတယ်။ နေ့စဉ်နှင့် အမျှ ပြောင်းလဲ နေတဲ့ အချက်အလက် တွေကို ပြန်လည် စုစည်းပြီး ပုံဖော်ဖို့ ဆိုတာ တွက်ချက် မှုတွေ အများအပြား ပြုလုပ် ရပါတယ်။
ဒါကို ဘာနဲ့ တင်စား ပြလို့ ရသလဲ ဆိုတော့ ခြားရဟတ် စီးနေတဲ့ ကလေးတစ်ယောက်ရဲ့ ဓါတ်ပုံကို ရိုက်ဖို့ ကြိုးစားရင် ထွက်လာတဲ့ ပုံတွေက ဝါးနေတာနဲ့ တူပါတယ်။
နက္ခတ် ပညာရှင် တွေဟာ ကျွန်တော်တို့ မစ်ကီးဝေး ဂလက်ဆီ ရဲ့ အလယ်မှာ မဟာ တွင်းနက်ကြီး (supermassive black hole) ကြီး တစ်လုံး ရှိမယ်လို့ ယုံကြည် ခဲ့ ကြတာ ကြာခဲ့ပါပြီ။ ဒါပေမယ့် အခု အချိန် အထိ ဘယ်သူကမှ ဒီ တွင်းနက် ရှိကြောင်း သက်သေ မပြနိုင်ခဲ့ ကြပါဘူး။
အခု ဒီ ဓါတ်ပုံ ကတော့ မစ်ကီးဝေး အလယ် ဗဟိုမှာ မဟာတွင်းနက်ကြီး တစ်ခု ရှိကြောင်း ဘယ်လိုမှ မငြင်နိုင်တဲ့ သက်သေ တစ်ခုပဲ ဖြစ်ပါတယ်။
ဒါတင် မက သေးပါဘူး၊ အခု ဓါတ်ပုံဟာ အိုင်းစတိုင်းရဲ့ ဆွဲငင်အားနဲ့ ပါတ်သက်တဲ့ အထွေထွေ နှိုင်းရ နိယာမ (General Theory of Relativity) မှန်ကန်ကြောင်း ပြလိုက်တဲ့ နောက်ထပ် သက်သေ ပြချက် တစ်ခုလဲ ဖြစ်ပါတယ်။ ဘာ့ကြောင့်ဆို ဒီ တွင်းနက်ရဲ့ ဓါတ်ပုံ ရရှိဖို့ ကောက်ယူ ရရှိတဲ့ အချက်အလက်တွေ အားလုံးဟာ အိုင်းစတိုင်းရဲ့ နှိုင်းရ နိယာမ က ဟောကိန်း ထုတ်ထား ခဲ့တဲ့ အတိုင်း ထပ်တူ ထပ်မျှ ဖြစ်နေတာ မို့ ဖြစ်ပါတယ်။
၂၀၂၀ ခုနှစ် ရူပဗေဒ နိုဘယ်ဆုကို Sagittarius A* မဟာ တွင်းနက်ကြီး ကို သုတေသန ပြုခဲ့တဲ့ နက္ခတ် ပညာရှင် နှစ်ဦးက ရရှိ သွားခဲ့ပါတယ်။ အဲ့သည် အချိန်က နိုဘယ်ဆု ရွေးချယ်ရေး အဖွဲ့က ဒီ ဆုနဲ့ ပါတ်သက်လို့ “မစ်ကီးဝေး ဂလက်ဆီ ရဲ့ ဗဟိုက အင်မတန် သိပ်သည်းဆ ကြီးမားပြီး ကျစ်လစ်တဲ့ အရာဝတ္ထု” နဲ့ ပါတ်သက်တဲ့ တွေ့ရှိချက် တွေ အတွက် ပေးအပ်ခြင်း ဖြစ်တယ် လို့ ဖော်ပြ ခဲ့ပါတယ်။
နိုဘယ်ဆု ရွေးချယ်ရေး ကော်မတီဟာ လွန်ခဲ့တဲ့ ၂ နှစ် ကအထိ မစ်ကီးဝေး အလယ်မှာ မဟာ တွင်းနက်ကြီး ရှိတယ် ဆိုတာကို တရားဝင် လက်ခံပြီး ထုတ်ဖော် ပြောဆိုခဲ့ရှင်း မရှိခဲ့ ပါဘူး။
ဒါပေမယ့် အခုတော့ ဘယ်သူမှ ငြင်ချက် ထုတ်မရအောင် သက်သေ ပြနိုင် ခဲ့ပြီး ဖြစ်ပါတယ်။
Event Horizon Telescope | ESO
Black hole: First picture of Milky Way monster | BBC
Black hole at heart of Milky Way imaged for first time | Astronomy
Black Hole Image Reveals the Beast Inside the Milky Way’s Heart | Quanta Magazine