ဂျိမ်းစ်ဝက်ဘ် စီမံကိန်းမှာ ပါဝင်တဲ့ ပညာရှင်တွေ ကိုယ်နှိုက်တောင်မှ ဒီပုံတွေ မြင်တဲ့ အချိန်မှာ အံ့ဩတကြီး ဖြစ်သွား ကြရတယ်လို့ သတင်းထောက် တွေကို ထုတ်ဖေါ် ပြောကြား ကြပါတယ်။
ဂျိမ်းစ်ဝက်ဘ် ကနေ ရိုက်ကူး ပေးပို့လိုက်တဲ့ ဓါတ်ပုံတွေမှာ ယခင်က မမြင်တွေ့ခဲ့ ကြတဲ့ ကြယ်တွေ ဂြိုဟ်တွေ အမြောက်အများကို ကြည်လင် တောက်ပစွာ တွေ့မြင် ကြရပါတယ်။
ယခင်က မမြင်တွေ့ နိုင်တဲ့ အလွန် ဝေးကွာတဲ့ အကွာအဝေးက မှေးမှိန်နေတဲ့ ဂလက်ဆီ တွေကိုတောင် ထင်ထင်ရှားရှား တွေ့မြင် ကြရတာ ဖြစ်ပါတယ်။
ဆက်စပ်ဆောင်းပါး – James Webb ရဲ့ နောက်ဆက်တွဲ ဓါတ်ပုံများ
ဒီ့မတိုင်မီက ဒီလို ဓါတ်ပုံ မျိုးတွေကို ဟတ်ဘယ် အာကာသ မှန်ပြောင်းကြီး (Hubble Space Telescope) ကနေပဲ ရိုက်ကူး ပေးပို့ နိုင်ခဲ့ပါတယ်။
ဒီ ဟတ်ဘယ် တယ်လီစကုပ် ကြီးကို ၁၉၉၀ ခုနှစ်က လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့သည် အချိန်က စလို့ ယခုအထိ စကြာဝဠာရဲ့ ဓါတ်ပုံ အမြောက်အများကို ဟတ်ဘယ်က ရိုက်ကူး ပေးပို့ နိုင်ခဲ့ပါတယ်။
ဒါဆို မေးစရာ ရှိလာတာက ဂျိမ်းစ်ဝက်ဘ် ဟာ တကယ်ပဲ ဟတ်ဘယ်လ် ထက် သိသိသာသာ သာလွန် သလား ဆိုတာပဲ ဖြစ်ပါတယ်။
ဂျိမ်းစ်ဝက်ဘ် ကို အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ အကုန်ကျ ခံပြီး ၂၅ နှစ်လောက် ကြာအောင် တည်ဆောက် ခဲ့ရတာပါ။ ဒီတော့ အခု ရလာတဲ့ ဓါတ်ပုံတွေဟာ ဒီလောက် အချိန်၊ ငွေကြေး အကုန်ခံ ထားရတာနဲ့ တန်ရဲ့လား ဆိုတာပဲ ဖြစ်ပါတယ်။
ဆက်စပ်ဆောင်းပါး – စကြာဝဠာရဲ့ မူလအစကို ရှာဖွေပေးမယ့် James Webb တယ်လီစကုပ်ကြီး
ဒီမေးခွန်းကို ဖြေနိုင်ဖို့ ဟတ်ဘယ်လ် က ရိုက်ကူးထားတဲ့ ပုံတွေနဲ့ ဂျိမ်းစ်ဝက်ဘ် က ရိုက်ကူးထားတဲ့ ပုံတွေ ယှဉ်ကြည့် လိုက်ကြ ရအောင်ပါ။
နာဆာက ပထမဆုံး ထုတ်ပြန်ခဲ့တဲ့ ဂျိမ်းစ်ဝက်ဘ် ရဲ့ ဓါတ်ပုံနဲ့ ဟတ်ဘယ်လ်က ရိုက်ကူးထားတဲ့ ဒီဒေသ ဓါတ်ပုံ နှစ်ပုံကို အောက်မှာ နှိုင်းယှဉ်ပြီး ပြထားပါတယ်။


နောက်ပြီး ဟတ်ဘယ်လ်မှာ မပေါ်တဲ့ ဂလက်ဆီ အများအပြား ကိုလဲ ဂျိမ်းစ်ဝက်ဘ်မှာ ကြည်လင် တောက်ပစွာ မြင်ကြရ ပါတယ်။
အောက်က ပုံကတော့ Southern Ring Nebula ပုံကို ဟတ်ဘယ် နဲ့ ဂျိမ်းစ်ဝက်ဘ် က ပေးပို့တဲ့ ပုံနှစ်ခု ယှဉ်ပြထားတာ ဖြစ်ပါတယ်။


ဂလက်ဆီ ၅ ခုတွဲ ပုံကို လဲယှဉ်တွဲပြီး ကြည့်နိုင်ပါတယ်။
ဒီ ပုံမှာ ဂျိမ်းစ်ဝက်ဘ် ရဲ့ ပုံမှာ ဟတ်ဘယ်လ်မှာ မတွေ့ရတဲ့ နောက်ခံ ဂလက်ဆီ အများအပြားကို တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှေ့ပိုင်းက ဂလက်ဆီ တွေရဲ့ ပုံကိုလဲ ဂျိမ်းစ်ဝက်ဘ်မှာ ပိုမို ကြည်လင်စွာ တွေ့ကြရ ပါတယ်။
နောက်ပြီး ဂျိမ်းစ်ဝက်ဘ် က ပုံမှာ ဂလက်ဆီတွေ ပေါင်းမိရာက ဖြစ်ပေါ်လာတဲ့ ဓါတ်ငွေ့ တိမ်တိုက် ကြီးထဲမှာ အသစ် မွေးဖွားနေတဲ့ ကြယ်တွေကို အထင်အရှုား မြင်တွေ့ ကြရပါတယ်။ ဒါပေမယ့် ဟတ်ဘယ်မှာတော့ ဒီ ကြယ်သစ်တွေကို တွေ့မြင်ရခြင်း မရှိပါဘူး။


ဒါ့အပြင် ဟတ်ဘယ်လ်မှာ မတွေ့ရတဲ့ ကြယ်သစ် အမြောက်အများ ကိုလဲဂျိမ်းစ်ဝက်ဘ်ရဲ့ ဓါတ်ပုံမှာ အထင်အရှား ကြည်လင် ပြတ်သားစွာ တွေ့ကြရမှာ ဖြစ်ပါတယ်။

