လက်ဆစ်ချိုးရင် ဘာ့ကြောင့် အသံမြည်ရတာလဲဆိုတာ သင်စဉ်းစားမိပါရဲ့လား။
သိပ္ပံပညာရှင်တွေဟာ လက်ဆစ်ချိုးရင် ဘာလို့ ဖျောက်ကနဲ အသံမြည်ရတာလဲ ဆိုတာကို ရာစုနှစ် တစ်ဝက်လောက်ကြာအောင် အဖြေရှာ ခဲ့ကြပါတယ်။ ဒီမေးခွန်းရဲ့ အဖြေကို အခုတော့ ဖြေနိုင်ကြပါပြီ။
ပြင်သစ်ပြည်နဲ့ အမေရိကန် ပြည်ထောင်စုက သိပ္ပံပညာရှင်တွေဟာ သင်္ချာညီမျှခြင်း သုံးခုကို သုံးပြီးတော့ လက်ခဆစ်ချိုးတဲ့ အချိန်မှာ ဖျောက်ကနဲ မြည်ရတဲ့ အသံကို ရှင်းပြခဲ့ ကြပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ အဆိုအရ ဒီလို ဖျောက်ကနဲ အသံမြည်ရတာဟာ အဆစ်တွေထဲမှာရှိတဲ့ အရည်အတွင်းက လေပူစီဖေါင်းလေးတွေ ရုတ်တရက် ပေါက်ကွဲသွားလို့ အသံမြည်ရတာ ဖြစ်တယ်လို့ ရှင်းပြခဲ့ ကြပါတယ်။
ပြင်သစ်တက္ကသိုလ် တစ်ခုမှာ ပညာသင်ကြားနေတဲ့ သိပ္ပံကျောင်းသား ဗီနတ် ချန်ဒရာ ဆူဂျာဟာ စာသင်ချိန် တစ်ခုအတွင်းမှာ လက်ဆစ်ချိုးနေရာကနေပြီး ဘာလို့ ဒီဖျောက်ဆိုတဲ့ အသံမြည်လာရတာလဲဆိုတဲ့ မေးခွန်းကို မေးမြန်းခဲ့ပါတယ်။
သူဟာ သူ့ရဲ့ သိပ္ပံဆရာဖြစ်သူကို ဒီမေးခွန်း မေးခဲ့ရာကနေပြီး ဒီမေးခွန်းရဲ့ အဖြေကို နှစ်ယောက် အတူ ရှာဖွေခဲ့ ကြပါတယ်။ သူတို့ဟာ သင်္ချာညီမျှခြင်း သုံးခုကို အသုံးပြုပြီး ဒီမေးခွန်းရဲ့ အဖြေကို ဖေါ်ထုတ်ခဲ့ ကြပါတယ်။
ပထမညီမျှခြင်းက လက်ဆစ်ချိုးတဲ့ အခါမှာ လက်ဆစ်အတွင်းက အရည်ထဲမှာ ဖြစ်လာတဲ့ ဖိအားပြောင်းလဲမှုကို တွက်ချက်ပြခဲ့ပါတယ်။ ဒုတိယ ညီမျှခြင်းကတော့ ဒီလိုဖိအား ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ လေပူစီဖေါင်းလေးတွေရဲ့ အရွယ်အစားကို တွက်ချက်ပြခဲ့ပါတယ်။
တတိယ ညီမျှခြင်းကတော့ ဒီလို ဖြစ်လာတဲ့ ပူစီဖေါင်းလေးတွေရဲ့ အရွယ်အစားကို မူတည်ပြီး ဒီပူစီဖေါင်းလေးတွေ ပေါက်ကွဲသွားတဲ့အခါ ထွက်ပေါ်လာမယ့် အသံကို တွက်ချက်ပြပါတယ်။ ဒီညီမျှခြင်း ၃ ခုကို အသုံးပြုပြီးတော့ လက်ဆစ်ချိုးတဲ့ အခါ ထွက်လာတဲ့ အသံကို တွက်ချက်ပြခဲ့တာပါ။
“ကျွန်တော်တို့ လက်ဆစ်ချိုးတဲ့ အခါမှာ ကျွန်တော်တို့ဟာ အဆစ်တွေကို ဆွဲဟလိုက်တာပါ။ ဒီလို အဆစ်တွေ ဟသွားတဲ့ အတွက်ကြောင့် အဆစ်ထဲမှာ ပူစီဖေါင်းလေးတွေ ဖြစ်လာပါတယ်။ ဒီပူစီဖေါင်းတွေ ပေါက်ကွဲသွားတဲ့ အတွက်ကြောင့် ဖျောက်ကနဲ အသံထွက်လာတာပေါ့” လို့ ချန်ဒရာက ရှင်းပြခဲ့ပါတယ်။ သူဟာအခုအခါမှာ ကာလီဖိုးနီးယားက ထိပ်တန်းတက္ကသိုလ် တစ်ခုဖြစ်တဲ့ စတင်းဖို့ တက္ကသိုလ်မှာ ဘွဲ့လွန်တက်ရောက် သင်ကြားနေပြီ ဖြစ်ပါတယ်။
လက်ဆစ်ချိုးရင် ဘာကြောင့်အသံမြည်ရတာလဲ ဆိုတာကို သိပ္ပံပညာရှင်တွေ အဖြေရှာခဲ့ကြတာ ရာစုနှစ် တစ်ဝက်လောက် ရှိပါပြီ။
၁၉၇၁ ခုနှစ်ကတော့ သိပ္ပံပညာရှင် တစ်စုက အဆစ်ထဲက ပူစီဖေါင်းလေးတွေ ပေါက်ကွဲသွားလို့ အသံထွက်ပေါ်လာတာလို့ တင်ပြခဲ့ပါတယ်။ ဒါပေမယ့် လက်ဆစ်ချိုးပြီးတဲ့ အချိန်မှာ လက်ဆစ်တွေကို ဓါတ်မှန်ရိုက်ကြည့်တဲ့ အခါကျတော့ အဆစ်ထဲမှာ ပူစီဖေါင်းလေးတွေ ကျန်နေတာ တွေ့ရတဲ့ အတွက်ကြောင့် ဒါမဖြစ်နိုင်ဘူးဆိုပြီး ဒီသီအိုရီကို အချို့က လက်မခံခဲ့ကြပါဘူး။
အခု သင်္ချာ ညီမျှခြင်းတွေ အရတော့ ဒီလိုအသံထွက်ဖို့ဆိုတာ ပူစီဖေါင်းအားလုံး ပေါက်ကွဲသွားစရာ မလိုဘူး၊ ပူစီဖေါင်း အချို့ ပေါက်သွားရုံနဲ့ အသံမြည်လာတယ် ဆိုတာကို သင်္ချာနည်းနဲ့ သက်သေပြနိုင်ခဲ့ပါပြီ။
ဒါ့ကြောင့် အခုအခါမှာတော့ သိပ္ပံပညာရှင်တွေဟာ လက်ဆစ်ချိုးရင် ဖျောက်ကနဲ အသံမြည်တာဟာ အဆစ်ထဲက ပူစီဖေါင်းလေးတွေ ပေါက်ကွဲသွားလို့ ဖြစ်တယ်ဆိုတာကို လက်ခံလိုက်ကြပါပြီ။
Reference: BBC | Scientists explain the sound of knuckle cracking
ဘာ့ကြောင့် လက်ဆစ်ချိုးရင် အသံမြည်ရတာလဲ
April 3, 2018
Other Posts
- ကလေးကိုယ့်စကားနားထောင်အောင် ဘယ်လိုလေ့ကျင့်သင်ကြားပေးမလဲ
- လေယာဉ်အင်ဂျင်သံကို ၈၀% ထိလျှော့ချပေးမယ့် ဂရပ်ဖင်း အသံလုံပစ္စည်း
- ၂၀၂၁ အတွက် ရူပဗေဒ နိုဘယ်ဆု ကမ္ဘာကြီး ပူနွေးလာမှုသုတေသနပြုခဲ့တဲ့ ပညာရှင်များရရှိ
- ဒီည မြန်မာနိုင်ငံက မြင်တွေ့ရမယ့် လအပြည့်ကြတ်ခြင်း
- မိုးကြိုးသွား အတွင်း မြုပ်နေတဲ့ တွင်းထွက်ပုံဆောင်ခဲသစ် ရှာတွေ့
- UFO နဲ့ပါတ်သက်တဲ့ ပထမဆုံးအစည်းအဝေး နာဆာကျင်းပ
- မစ်ကီးဝေး ဗဟိုနားမှာ အရက်ပြန် ရှာတွေ့
- မစ်ကီးဝေး ထဲမှာ လူသားတွေနဲ့ ဆက်သွယ်နိုင်တဲ့ သက်ရှိဂြိုဟ် ဘယ်နှစ်စင်း ရှိသလဲ
- ဘာမြူဒါ တြိဂံ တကယ် ရှိသလား
- အင်္ဂါဂြိုဟ်ပေါ်မှာ လူသားတွေ ဘယ်လောက်ကြာကြာ နေထိုင်နိုင်မလဲ
