တစ်ခုလောက် စိတ်ကူး ကြည့်ပါဗျာ။ အနာဂတ် ကာလမှာ ကျွန်တော်တို့ လူသားတွေဟာ ကြယ်တွေ တစ်ခုနဲ့ တစ်ခုအကြား အချိန်တို အတွင်း အလွယ်တကူ ခရီးသွား နိုင်ပြီ ဆိုပါစို့။ ဒါနဲ့ အခြား ကမ္ဘာ တစ်ခုကို အခြေချဖို့ ခရီး ထွက်သွားရာက အဲ့သည် ဂြိုဟ်မှာ လူသားတွေ အခြေချ နေထိုင် နေနှင့်ပြီး ဖြစ်နေတာကို တွေ့ကြရမယ် ဆိုရင် …..
အင်္ဂလန် နိုင်ငံက နာမည်ကျော် ကိန်းဗရစ် တက္ကသိုလ် (University of Cambridge) ကြီးက နက္ခဇီဝ ဗေဒ ပညာရှင် (astrobiologist) တစ်ဦးက ဘီဘီစီ သတင်းဌာနကြီးရဲ့ Science Focus မဂ္ဂဇင်း နဲ့ တွေ့ဆုံခန်း တစ်ခုမှာ ဒါဟာ ဖြစ်နိုင်ခြေ ရှိတဲ့ အခြေအနေ တစ်ခု ဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။
အခုလို ပြောကြားလိုက်တဲ့ ပညာရှင် ကတော့ ကိန်းဗရစ် တက္ကသိုလ်၊ မြေကမ္ဘာ သိပ္ပံ ဌာန (Department of Earth Sciences) က ကျောက်ဖြစ်ရုပ်ကြွင်း ဇီဝဗေဒ ဆင့်ကဲ ပြောင်းလဲမှု ကျွမ်းကျင် ပညာရှင် (evolutionary palaeobiologist) တစ်ဦးဖြစ်တဲ့ ဆိုင်မွန် ကွန်းဝေး မောရစ် (Simon Conway Morris) ပဲ ဖြစ်ပါတယ်။
သူ့အဆိုအရ လူသားတွေရဲ့ ဆင့်ကဲ ဖြစ်ပေါ် ပြောင်းလဲမှုနဲ့ အလား သဏ္ဍာန် တူတဲ့ ဆင့်ကဲ ဖြစ်ပေါ် ပြောင်းလဲမှု (human-like evolution) ဟာ စကြဝဠာ အတွင်းက အခြားသော ဒေသတွေမှာလဲ ဖြစ်ပွားခဲ့လိမ့်မယ် လို့ သုတေသီ တွေက ယုံကြည် ကြပါတယ်။
သူက ဒီ အဆိုကို ဆင့်ကဲ ပြောင်းလဲမှု ပေါင်းဆုံခြင်း သီအိုရီ (theory of convergent evolution) ကို အခြေခံပြီး ဟောကိန်း ထုတ်လိုက်တာ ဖြစ်ပါတယ်။
ဒီ သီအိုရီ အရ ကျပမ်း ဖြစ်ရပ် (random events) တွေဟာ ရေရှည်မှာ ဆင်တူတဲ့ ဆင့်ကဲ ဖြစ်စဉ် ဖြစ်ရပ်တွေ ဆီကို ဦးတည် သွားမယ်လို့ ဆိုထားပါတယ်။ ဒီ နည်းအားဖြင့် ဆင်ဆင်တူတဲ့ သဘာဝ ပတ်ဝန်းကျင် မျိုးမှာ ဆင်ဆင်တူတဲ့ သတ္တဝါတွေ နဲ့ သက်ရှိတွေ ဖြစ်ထွန်းလာကြ လိမ့်မယ်လို့ ဆိုပါတယ်။
ဥပမာ တစ်ခု ပြောရရင် ကမ္ဘာပေါ်မှာ သတ္တဝါတွေ ပျံသန်းနိုင်တဲ့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ဟာ သမိုင်းတစ်လျှောက် အနည်းဆုံး ၄ ကြိမ် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ဖြစ်စဉ် ၄ ခုကြောင့် ငှက်တွေ၊ လင်းနို့တွေ၊ အင်းဆက် ပိုးမွှားတွေ နဲ့ pterosaurs ဒိုင်နိုဆောတွေ ဆိုပြီး ပျံနိုင်တဲ့ သတ္တဝါတွေ ပေါက်ဖွား လာခဲ့ ကြတာကို ဥပမာ အနေနဲ့ မြင်ကြည့် နိုင်ပါတယ်။
အတိုချုပ် ပြောရရင် ဒီ ဆင့်ကဲ ပြောင်းလဲမှု ပေါင်းဆုံခြင်း သီအိုရီ အရ ဆင့်ကဲ ပြောင်းလဲမှု (evolution) ကိုယ်နှိုက်သည် သဘာဝရဲ့ ဥပဒေသ (law of nature) တစ်ခု ဖြစ်တယ်လို့ ယူဆ ကြပါတယ်။ ဒီတော့ မတူညီတဲ့ အခြား ဂြိုဟ်တွေ ပေါ်မှာလဲ ကမ္ဘာပေါ်မှာ လိုပဲ တူညီတဲ့ သဘာဝ နိယာမ တွေကို လိုက်နာပြီး ဆင့်ကဲ ပြောင်းလဲမှု ဖြစ်ပေါ် လိမ့်မယ်လို့ ဆိုပါတယ်။
တနည်းအားဖြင့် သိပ္ပံ ရုပ်ရှင် တွေထဲမှာ တွေ့ရတဲ့ လူနဲ့ ဆင်ဆင်တူတဲ့ ဂြိုဟ်သားတွေဟာ စကြာဝဠာ ထဲမှာ တကယ် ရှိနေ နိုင်ပါတယ်။
ဒီလို အခြား ဂြိုဟ်တွေပေါ်က သက်ရှိတွေဟာ ကမ္ဘာမြေနဲ့ အလားတူတဲ့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ် ရှိလိမ့်မယ်လို့ ယုံကြည်တာဟာ မောရစ် တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ ထင်ရှားတဲ့ ဗြိတိသျှ သိပ္ပံ ပညာရှင် တစ်ဦး ဖြစ်တဲ့ အာရစ် ကာရှင်ဘောမ် (Arik Kershenbaum) ကလဲ သူ့ရဲ့ စာအုပ်မှာ ဂြိုဟ်သား တွေရဲ့ ဆင့်ကဲ ပြောင်းလဲမှု အကြောင်း တင်ပြ ထားခဲ့ပါတယ်။
သူ့အဆိုအရ ဆင့်ကဲ ဖြစ်စဉ်ဟာ သက်ရှိတွေ ဖြစ်ထွန်းလာခြင်း ဖြစ်စဉ်ကို ရှင်းပြတဲ့ သီအိုရီ တစ်ခု ဖြစ်တာကြောင့် ကမ္ဘာပေါ်မှာ ရှာဖွေ တွေ့ရှိ ခဲ့တဲ့ ဆင့်ကဲ ဖြစ်စဉ် နိယာမ တွေနဲ့ ဥပဒေသ တွေဟာ စကြာဝဠာ အတွင်းက အခြား ဒေသ တွေမှာလဲ တူညီ လိမ့်မယ်လို့ ဆိုပါတယ်။
အခြား ဂြိုဟ်တွေပေါ်က ဂြိုဟ်သားတွေဟာလဲ နေ့ချင်းညချင်း ဖြစ်လာကြတာ မဟုတ်ပါဘူး။ လူသားတွေ လိုပဲ တဖြည်းဖြည်း ဆင့်ကဲ ဖြစ်စဉ် အရ ပြောင်းလဲပြီး ဖြစ်ပေါ် လာကြတာ ဖြစ်ပါတယ်။
ဒီတော့ ဒီ ဆင့်ကဲ ဖြစ်စဉ် အရ အဆင့်ဆင့် တိုးတက် ပြောင်းလဲ လာခဲ့တဲ့ အသိဉာဏ် အဆင့်မြင့် သက်ရှိတွေဟာ လူ့ အသိုင်းအဝိုင်း လိုပဲ သက်ရှိ အဖွဲ့အစည်း တစ်ခု တိုးတက် ဖွံ့ဖြိုး တည်တံ့ နိုင်ဖို့ လိုအပ်တဲ့ အခြေခံ အချက်အလက် တွေ အပေါ်မှာ တည်ဆောက် ထားရ လိမ့်မှာ ဖြစ်ပါတယ်။
ဥပမာ ပြောရရင် မိသားစု ရယ်လို့ ဖြစ်လာဖို့ လိုအပ်တဲ့ ချစ်ခြင်း မေတ္တာ၊ ဆက်သွယ်ဖို့ ဘာသာ စကား၊ ယဉ်ကျေးမှု အနုပညာ အစရှိတာတွေ ဖွံ့ဖြိုး တိုးတက် ခဲ့လိမ့်မှာ ဖြစ်ပါတယ်။
အကယ်လို့ ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ရဲ့ နိယာမ တွေဟာ ဒီ ပညာရှင်တွေ ယုံကြည် သလိုမျိုး ခိုင်မာမှု ရှိမယ် ဆိုရင် ကျွန်တော်တို့ လူသားတွေ အတွက် အခြား ကမ္ဘာက သက်ရှိတွေနဲ့ ဆက်သွယ်ဖို့ အခွင့်အလမ်း တွေလဲ တိုးပွား လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တဖက်မှာလဲ ဒီ ပြင်ပက သက်ရှိတွေနဲ့ စစ်မက် ဖြစ်ပွားနိုင်တဲ့ အခွင့်အလမ်း ကလဲ တိုးပွားလာမှာ ဖြစ်တယ်လို့ ပညာရှင် တွေက ထောက်ပြ ကြပါတယ်။
Ref: Scientists Say There May Be “Humans” All Over the Universe | Futurism
စကြဝဠာ အနှံ့မှာ လူသားတွေ ပြန်နှံ့နေတယ်လို့ သိပ္ပံ ပညာရှင် အချို့ကယူဆ

August 13, 2022
Other Posts
- ရိုးရိုးအအေးမိတာနဲ့ တုပ်ကွေးနဲ့ ဘယ်လိုခွဲမလဲ
- ဒီဇင်ဘာမှာ ကမ္ဘာက မြင်ရတော့မယ့် Leonard ကြယ်တံခွန်
- မစ်ချလင်တာယာကုမ္ပဏီက လေမဲ့တာယာ ထုတ်ဖော်ပြသ
- လျှပ်စစ်ဓါတ်အား မလိုတဲ့ အအေးပေးစနစ်
- ဂီဇာဒေသမှ စဖင့်ရုပ်ကြီး
- Black hole တွေ သေဆုံးနိုင်သလား
- စကြာဝဠာ အတွင်းက အအေးဆုံး ဒေသ
- ကြယ်အသစ် တစ်လုံးကနေ မှုတ်ထုတ်လိုက်တဲ့ ဓါတ်ငွေ့တန်းများ
- James Webb ရဲ့ ကြည်လင် ပြတ်သားသော ပုံရိပ် နာဆာထုတ်ပြန်
- နွေယဉ်စွန်း နေအလင်းကို ဖမ်းယူသည့် နှစ် ၅,၄၀၀ သက်တမ်းရှိ ဂူသင်္ချိုင်း စပိန်တွင် ရှာဖွေတွေ့ရှိ