အမေတွေသာ သူတို့ရဲ့ သားငယ် သမီးငယ်တွေကို ကုသမှု ပေးနိုင်တယ်လို့ လယ်သူက ပြောလဲဗျ။ ကလေးကလဲ သူ့မိခင်ကို ရောဂါကုသမှု ပေးနိုင်တဲ့ စွမ်းဆောင်ရည် ရှိပါတယ်ဗျ။ တကယ်က ဗိုက်ထဲကတောင် ထွက်မလာသေးဘူး ကိုယ်ဝန်ကာလ မေမေ့ဗိုက်ထဲမှာတင်ကို ကလေးလေးက သူ့မေမေကို ဆေးကုပေးနိုင်တယ်နော်။
ကိုယ်ဝန်ဆောင် ကာလမှာ မိခင်က သန္ဓေသား လိုအပ်တဲ့ အစာအဟာရတွေနဲ့ အောက်ဆီဂျင်ကို အချင်းနဲ့ ချက်ကြိုးကတဆင့် ကလေးဆီကို ပို့ဆောင်ပေးပါတယ်။ နောက်ပြီး ကလေး ကူးဆက် ရောဂါတွေရန်က ကာကွယ်နိုင်ဖို့ လိုအပ်တဲ့ ကိုယ်ခံအား ပဋိဇီဝ ပစ္စည်းတွေ (anti-bodies) ကိုလဲ ပို့ဆောင်ပေးပါတယ်။
ဒီလို မိခင်ကနေ ကလေးဆီကို ိုယ်ခံအား ပဋိဇီဝ ပစ္စည်းတွေ (anti-bodies) ပို့ဆောင်ပေးတယ် ဆိုတာကို လေ့လာဖို့ သိပ္ပံပညာရှင်တွေဟာ ကြွက်လေးတွေကို အသုံးပြုပြီး လေ့လာခဲ့ ကြပါတယ်။ ပထမဆုံး ကြွက်ပျိုမလေးတွေ ရွေးချယ်လိုက်ပါတယ်။ အရင်က ကြွက်ထီးနဲ့ မတွေ့ဖူးတဲ့ အပျိုစစ်စစ် ကြွက်မလေးတွေကိုပါ။ ပြီးတော့ ကြွက်ထီးတွေနဲ့ မိတ်လိုက်စေပါတယ်တဲ့။ ဒီအခါ ကြွက်မလေးတွေမှာ ကိုယ်ဝန် ရှိလာတာပေါ့ဗျာ။
ဒီကြွက်မလေးတွေနဲ့ မိတ်လိုက်စေတဲ့ ကြွက်ထီးတွေဟာ သာမန် ကြွက်ထီးတွေတော့ မဟုတ်ဘူးဗျ။ သူတို့က ဓါတ်ခွဲခန်းထဲမှာ သေချာ မွေးထားတဲ့ ကြွက်တွေ၊။ နောက်ပြီး သူတို့ရဲ့ မျိုးရိုးဗီဇ (Gene) တွေကိုလဲ ပြုပြင်ထားခြင်း ခံရတဲ့ ကြွက်တွေဗျ။ ဘယ်လို ပြင်ထားလဲ ဆိုတော့ သူတို့ရဲ့ ကနေ အလင်းရောင်ထွက်တဲ့ ပရိုတင်းတွေကို ထွက်အောင် ပြုပြင်ထားတာပါ။ Green-fluorescing protein တွေကို ထုတ်ပေးအောင် ပြုပြင်ထားတာ ဖြစ်ပါတယ်။
ဒီကြွက်ထီးတွေကနေ ဆင်းသက်လာတဲ့ ကြွက်တွေရဲ့ တစ်ဝက်လောက်ဟာလဲ ဒီ အရောင်တောက်တဲ့ ပရိုတင်းတွေ ထုတ်လုတ်နိုင်စွမ်းရှိပါတယ်။ ဒီနည်းအားဖြင့် ကြွက်သားပေါက်လေးတွေရဲ့ ပရိုတင်းထဲမှာ ဘယ်ပရိုတင်းကတော့ ဖခင်ဆီကလာလဲ (အရောင်တောက်နေတဲ့ ပရိုတင်း)၊ ဘယ်ပရိုတင်းကတော့ မိခင်ဆီကလာလဲ (အရောင်မတောက်တဲ့ ပရိုတင်း) ဆိုပြီး အလွယ်တကူ ခွဲခြားနိုင်မှာ ဖြစ်ပါတယ်။
ဒီစမ်းသပ်မှုကို စလုပ်ချိန်က ရည်ရွယ်ချက်က မိခင်ဆီကနေ ပရိုတင်းတွေ အချင်းကို ဖြတ်ပြီး ကြွက်သားပေါက် လေးတွေဆီ ရောက်သွားနိုင်တယ် ဆိုတာကို သက်သေပြဖို့နဲ့ ဘယ်ပရိုတင်းတွေကဖြင့် အချင်းကို ဖြတ်နိုင်လဲ ဆိုတာကို သက်သေပြနိုင်ဖို့ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် ဒီစမ်းသပ်မှုကနေ ဘယ်လိုမှ ထင်မထားခဲ့တဲ့ တွေ့ရှိမှု တစ်ခုကို တွေ့ရှိခဲ့ပါတယ်။
ဒီစမ်းသပ်မှု ပြလုပ်နေစဉ် ကာလအတွင်းမှာ ကိုယ်ဝန်ဆောင် မိခင်ကြွက်မလေးတွေမှာ အရောင်တောက် ပရိုတင်းတွေ အချို့ တွေ့ရှိရတာပဲ ဖြစ်ပါတယ်။ ဒီကြွက်မလေးတွေဟာ မူလက အရောင်တောက် ပရိုတင်း မထုတ်နိုင်တာကြောင့် ဒီတွေ့ရှိရတဲ့ အရောင်တောက် ပရိုတင်းတွေဟာ ကလေးဆီက ရောက်လာတာပဲ ဖြစ်ရမယ်လို့ သုတေသီတွေက သုံးသပ်ကြပါတယ်။ ဆိုလိုတာက အမေဆီက ပရိုတင်းတွေ ကလေးဆီ ရောက်နိုင်သလို ကလေးဆီက ပရိုတင်းတွေကလဲ အချင်းကို ဖြတ်ပြီး အမေဆီ ရောက်သွားတာပါ။
ဒီသုတေသန အတွင်းမှာ ကိုယ်ဝန်ဆောင် ကြွက်မလေးတွေကို သုတေသန လုပ်တဲ့ ပညာရှင်တွေက heart attack ရအောင် လုပ်လိုက်ကြပါတယ်။ Heart attack ရပြီး နှစ်ပါတ် ကြာတဲ့ အခါမှာ ကြွက်မလေးတွေကို သတ်ပြီး ရင်ခွဲစစ်ဆေးကြပါတယ်တဲ့။ (ဟုတ်ကဲ့ ဇီဝဗေဒနဲ့ ဆေးပညာဆိုင်ရာ သုတေသနတွေအတွက် ကြွက်လေးတွေ အမြောက်အများ အသက်ပေး ကြရတာပါ။)
ရင်ခွဲစစ်ဆေးတဲ့ အခါကြတော့ ကြွက်မိခင်တွေရဲ့ နှလုံးနဲ့ သွေးကြောနံရံတွေထဲမှာ အရောင်တောက် ပရိုတင်းတွေ တွေ့ရှိကြရပါတယ်။ ထူးဆန်းတာကတော့ အဲ့သည် ပရိုတင်းတွေဟာ heart attack ရစဉ်က ပျက်စီးသွားတဲ့ ကြွက်သားနေရာတွေမှာ အတိအကျ တွေ့ရှိကြရတာပဲ ဖြစ်ပါတယ်။ အခြား မပျက်စီးတဲ့ နေရာတွေမှာတော မတွေ့ရ ပါဘူးတဲ့။
သုတေသန ပြုလုပ်တဲ့ ဆရာဝန်တွေက ဘယ်လို ကောက်ချက်ချသလဲ ဆိုတော့ သန္ဓေသား ကလေးငယ်တွေဟာ ပင်မဆဲလ် (Stem cells) တွေကို အချင်းကို ဖြတ်ပြီး အမေဆီကို ပို့ဆောင်ပေးလို့ အမေက ဒီဆဲလ်တွေ အသုံးပြုပြီး ပျက်စီးသွားတဲ့ နှလုံးကြွက်သားနဲ့ သွေးကြောနံရံတွေကို ပြန်လည် ပြုပြင်ခဲ့တာ ဖြစ်တယ် ဆိုတာပါပဲ။
ဒီသုတေသနကို လူသားတွေမှာတော့ ပြုလုပ်ထားတာ မရှိသေးပါဘူး။ သို့သော်ငြားလဲ ဒီဖြစ်ရပ်နဲ့ အလားတူ အဖြစ်မျိုးကိုတော့ လူသားမိခင်တွေမှာ ဆေးပညာ ရှင်တွေက သတိပြုမိ ထားပါတယ်။ ကိုယ်ဝန်ကာလမှာ ဖြစ်ပွားတဲ့ Peripartum Cardiomyopathy နှလုံးအားနည်းခြင်း (Heart Failure = နှလုံးက ပုံမှန် ညှစ်ရမယ့် သွေးပမာဏကို မညှစ်ပေးနိုင်တော့လို့ ဖြစ်တဲ့ ရောဂါ) ဖြစ်တဲ့ အမျိုးသမီး တစ်ဝက်ကျော်ဟာ သူ့အလိုလို ရောဂါပျောက်ကင်း သွားတာကို သတိထားမိ ခဲ့ကြတာပါ။ ဒီလို ရောဂါ ပျောက်သွားရတာဟာ ကလေးက မိခင်ကို ပင်မဆဲလ် တွေ လှူဒါန်းပေးခဲ့ လို့ ဟုတ်မဟုတ်ကတော့ မသေချာပါဘူး။
ဒီ Peripartum Cardiomyopathy ရောဂါဟာ နှလုံးရောဂါတွေထဲမှာ ပြန်ကောင်းနိုင်ခြေ အများဆုံး ရောဂါဖြစ်ပြီး ဘာ့ကြောင့် အလွယ်တကူ ပြန်ကောင်းသွားရလဲ ဆိုတာကိုတော့ အခုထိ ဆေးပညာရှင်တွေ ရှာဖွေလို့ မတွေ့သေးပါဘူး။
Reference:
1. Fetus donates stem cells to heal mother’s heart | New Scientist
2. During Pregnancy, If The Mother Suffers Organ Damage, The Baby in The Womb Sends Stem Cells to Repair the Damaged Organ | Mind Blowing
မိခင်အတွက် Stem Cells လှူတဲ့ သန္ဓေသားငယ်

July 13, 2021
Other Posts
- Telegram Account Hack မခံရအောင် ဘယ်လိုကာကွယ်မလဲ
- လူတိုင်းအတွက် စကြာဝဠာ – အပိုင်း (၂)
- ဓါတ်ခွဲခန်းမွေး အသားကို စီးပွားဖြစ် ထုတ်လုပ်မယ့် အစ္စရေး
- Black hole တွေ တိုက်မိရာက ထွက်လာတဲ့ ဆွဲငင်အားလှိုင်း အမြောက်အများ ဖမ်းမိ
- ရှေးဂရိမြို့ဟောင်းအား တူးဖေါ်စရာ မလိုပဲ အာကာသရောင်ခြည် နည်းပညာဖြင့်ရှာဖွေ
- ဂျိမ်းစ်ဝက်ဘ် က ရိုက်ပို့လိုက်တဲ့ လှည်းဘီးပုံ ဂလက်ဆီကြီး
- ကောင်းကင်က ကြယ်တွေအားလုံး မစ်ကီးဝေး ဂလက်ဆီ ထဲကလား
- Infrared အနီအောက် ရောင်ခြည် ဆိုတာ ဘာလဲ
- ပုရွက်ဆိတ်ရဲ့ မျက်နှာ
- ဘလက်ဟိုး တွင်းနက်က ကြယ်တလုံးကို ဝါးမြိုလိုက်တဲ့ ဖြစ်စဉ်