သင့်ကလေးရဲ့ ရင်ထဲမှာ ဘာဖြစ်နေလဲ သင်သိရဲ့လား

ကလေးတွေ ငယ်ငယ်တုန်းကဆို သူတို့ရဲ့ ရင်ထဲက ခံစားချက်တွေကို အလွယ်တကူ သိနိုင်ပါတယ်။ ကလေးငယ် (၄ – ၅ နှစ်အောက်) အရွယ်တွေဟာ သူတို့ရဲ့ ခံစားချက်တွေကို ဖုံးကွယ်လို့ မထားတတ် ကြပါဘူး။ သူတို့ရဲ့ ဝမ်းနဲမှု၊ အလိုမကျမှု၊​ စိတ်အားငယ်မှု စတဲ့ ခံစားချက်တွေကို ကိုယ်အမူအရာ၊ မျက်နှာအမူအရာတွေနဲ့ ဖေါ်ပြရုံသာမက ပါးစပ်ကလဲ ထုတ်ဖေါ်ဖွင့်ဟ ပြောပြတတ်ကြပါတယ်။ ဒါပေမယ့် ကလေးအသက် ကြီးလာတာနဲ့ အမျှ တဖြည်းဖြည်း မိဘကို ရင်ဖွင့်ပြောပြတာတွေ နည်းလာတတ်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ ခံစားမှုတွေကိုလဲ မိဘတွေရှေ့မှာ သိုဝှက်ဖုံးကွယ်လာ တတ်ကြပါတယ်။ တစ်ခါတစ်လေများ ကလေးက ငေးမှိုင်နေလို့ ဘာဖြစ်နေတာလဲ မေးရင် မဖြေပဲ ငြင်းတာကို ခံရတဲ့ မိဘလုပ်သူရဲ့ ခံစားချက်ကို ကြုံဖူးမှ သိပါလိမ့်မယ်။ ကိုယ့်သားသမီး တစ်ခုခု ဖြစ်နေမှန်းလဲ မိဘလုပ်သူက သိတယ်၊ ဘာဖြစ်နေမှန်းလဲ မသိ၊ သိအောင်မေးတော့လဲ မဖြေဆိုတော့ စိတ်ပူတာရော၊ စိတ်တိုတာရော ပေါင်းပြီး တော်တော် ခံရခက်တဲ့ ခံစားမှုပါ (ကလေးမရှိသေးသူတွေ၊ ကလေးငယ်ငယ်လေးပဲ ရှိသေးတဲ့ မိဘတွေ ရီမနေ ကြပါနဲ့၊ သိပ်မကြာခင် ကြုံရမှာမို့ အားမွေးထားကြပါ)။ ဒီထက်ပိုဆိုးတာကတော့ မိဘလုပ်သူက သတိမထားမိလို့ ကိုယ့်သားသမီး ရင်ထဲမှာ တစ်ခုခု ခံစားနေရတာ မသိလိုက်ပဲ နောက်ကျမှ သိတာမျိုးဆိုရင် မကောင်းပါဘူး။ ဒါ့ကြောင့် မိဘလုပ်သူတွေ အနေနဲ့ ကိုယ့်သားသမီး ရင်ထဲမှာ ဘာတွေခံစားနေရတယ်၊ ဘာတွေဖြစ်နိုင်မလဲဆိုတာ မှန်းဆကြည့်ဖို့ အကြံဉာဏ်လေးတွေ ပေးလိုက်ပါရစေ။

(၁) ကလေးကို စောင့်ကြည့်ပါ

ကျွန်တော်ကျွန်မတို့ မြင်တဲ့ကြားတဲ့ အရာတိုင်းကို ဂရုပြု မှတ်သားမိကြရဲ့လား။ ကိုယ့်ရှေ့မှာ မြင်တာကြားတာကို ဂရုမပြုမိတာမျိုး ဘယ်နှစ်ခါ ကြုံဖူးကြပါသလဲ။ အထူသဖြင့် အခုခေတ်လို အင်တာနက်တွေ၊ Facebook တွေ၊ မိုဘိုင်းဖုန်းပေါ်က ဂိမ်းတွေနဲ့ အချိန်ကုန်နေတဲ့ ခေတ်ကြီးမှာ တစ်ခါတစ်လေ ကိုယ့်ရှေ့တင် ဖြစ်သွားတာကို သတိမထားလိုက်မိတာ၊ တစ်ဖက်သား ကိုယ့်ကိုပြောတဲ့ စကားကို မကြားလိုက်မိတာမျိုးဟာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်နေပါပြီ။ ဒီလို ကိုယ်ကတစ်ခုခုကို အာရုံစိုက်နေမိတဲ့ အချိန်မျိုးမှာ ကိုယ့်ကလေးက မျက်စေ့မျက်နှာ ပျက်နေတာမျိုး၊ ငေးမှိုင်နေတာမျိုး၊ တိတ်တဆိတ် ငိုယိုနေတာမျိုးတွေကို သတိမထားလိုက်မိရင် ဒီလို သားသမီးက ကိုယ့်ရဲ့ အားပေးမှုကို အလိုအပ်ဆုံးအချိန်မှာ ကိုယ့်က အားပေးခွင့်၊ ကလေးရဲ့ ပြဿနာကို ဖြေရှင်းပေးခွင့် မရလိုက်တာမျိုး ဖြစ်သွားနိုင်ပါတယ်။ ဒါမျိုး မကြာခဏ ဖြစ်လာပြီဆိုရင် ကလေးက ကိုယ့်ကို အားကိုးချင်တဲ့စိတ် လျှော့နည်းသွားပြီး နောက်ကျရင် တစ်ခုခုဆို ကိုယ့်ဆီလာ ရင်ဖွင့်ဖို့ ဝန်လေးသွားနိုင်ပါတယ်။ ဒါ့ကြောင့် မိုဘိုင်းဖုန်းကို မဖြတ်နိုင်ဘူး ဆိုရင်တောင် သားသမီးတွေနဲ့ ရှိနေတုန်းမှာ ဖုန်းသုံးတာ ခနလျှော့ထားပြီး ကလေးကို အာရုံစိုက်ပြီး သူရင်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ တချက်လောက်တော့ စောင့်ကြည့်လိုက်ပါ။

(၂) ကလေးတွေနဲ့ (နှလုံးသားချင်း) နီးနီးကပ်ကပ် ဆက်ဆံပါ

ကလေးတွေကို သူတို့နဲ့ ပါတ်သက်တဲ့ မေးခွန်းတွေမေးဖို့ မမေ့ပါနဲ့။ ရဲက တရားခံစစ်သလိုမျိုး စစ်ခိုင်းတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် နေ့စဉ်သူတို့ရဲ့ ဖြတ်သန်းမှု၊ လုပ်ဆောင်မှု၊ ခံစားရမှုတွေနဲ့ ပါတ်သက်ပြီး စိတ်ဝင်တစား ရှိဖို့ကို ဆိုလိုပါတယ်။ ကလေးငယ်ငယ်လေးကတဲက သူတို့ရဲ့ နေ့တဒူဝ ဖြစ်စဉ်တွေနဲ့ ပါတ်သက်ပြီး မေးခွန်းလေးတွေမေးပါ။ ကလေးအသက် ကြီးသွားမှ စမယ်ဆို ကလေးက အလေ့အကျင့် မရှိခဲ့တော့ ကိုယ့်မေးခွန်းတွေကို အမှန်အတိုင်း ဖြေဖို့ ဝန်လေးပါလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့မှတော့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်က စိတ်ရှည်ရှည်ထားပြီး သူတို့ရဲ့ ဘဝအပေါ် စိတ်ဝင်စားမှု ပြတယ်ဆိုရင် ကလေးလုပ်သူကလဲ ကိုယ့်ပေါ် ပွင်းလင်းလာပါလိမ့်မယ်။ ဘယ်က စရမှန်းမသိရင် ဒီလိုမေးခွန်းမျိုးလေးတွေနဲ့ အစပြုနိုင်ပါတယ်။

  • ဒီနေ့လယ် ကျောင်းမှာ ဘယ်သူနဲ့ အတူထမင်းစားလဲ
  • ဘယ်သူငယ်ချင်းက ခင်စရာ အကောင်းဆုံးလဲ
  • ဘယ်သူငယ်ချင်းက ရီစရာ အကောင်းဆုံးလဲ
  • ဒီစနေနေ့ သူငယ်ချင်းတွေနဲ့ ဘယ်သွားဖို့ စိတ်ကူးလဲ

ဒါမျိုးလေးတွေကနေ အစပြုပြီး တဖြည်းဖြည်း အကျင့်လုပ်သွားလို့ ရပါတယ်။ အစပိုင်းမှာ ဘာအဖြေမှာ ရချင်မှာ ရမှာပါ။ တဖြည်းဖြည်း ကိုယ်နဲ့ ကလေးအကြားမှာ နားလည်မှု တည်ဆောက်သွားဖို့ လိုပါတယ်။ နောက်အရေးကြီးတဲ့ အချက်တစ်ခုကတော့ ကလေးရဲ့ အဖြေပေါ်မှာ ကိုယ်က ဝေဖန်ချက် မပေးဖို့ပဲ ဖြစ်ပါတယ်။ သူက အကြံဉာဏ် မတောင်းပဲ ကိုယ်က ဒါကတော့ မှန်တယ်၊ ဒါကတော့ မှားတယ် မပြောဖို့လိုပါတယ်။ နှုတ်အားဖြင့်သာမကပဲ မျက်နှာအမူအရာ၊ ကိုယ်အမူအရာတွေနဲ့လဲ မပြမိဖို့ လိုပါတယ်။ ကလေးက ကိုယ့်မေးခွန်းကို ဖြေတဲ့နေရာမှာ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ အယူအဆတွေနဲ့ ပါတ်သက်လို့ မိဘလုပ်သူက မကောင်းတဲ့ (Negative) အမြင် ဖြစ်ပေါ်မှာကို ကလေးတွေ အစိုးရိမ်ဆုံးပါ။ ကိုယ်က ဒီလို Negative ဖြစ်တဲ့ တုန့်ပြန်မှုမျိုး ပေးမိရင် ကလေးက နောက်ဆို ကိုယ့်မေးခွန်းကို အမှန်အတိုင်း ဖြေတော့မှာ မဟုတ်ပါဘူး။

(၃) နားထောင်ပါ

ကလေးပြောတာတွေကို ဂရုတစိုက် နားထောင်ဖို့ လိုပါတယ်။ ကလေးက ကိုယ့်ကို စကားပြောနေတဲ့ အချိန်မျိုးမှာ ဖုန်းပွတ်နေတာမျိုးဆို ကြာရင် ကလေးက ကိုယ့်ကိုလာပြီး စကားပြောတော့မှာ မဟုတ်ပါဘူး။ ကလေးပြောသမျှကို ပြန်ပြီး တုန့်ပြန်မှု (response) ပေးစရာ မလိုပါဘူး။ ဒါပေမယ့် သူပြောတာတွေကို ဂရုတစိုက် နားထောင်ပြီး ကိုယ်က လိုအပ်တဲ့ နောက်ဆက်တွဲ မေးခွန်းတွေ မေးတာမျိုး၊ သင်လျော်တဲ့ တုန့်ပြန်မှု ပေးတာမျိုး (ဥပမာ ကလေးက ရီစရာ အဖြစ်အပျက် တစ်ခုကို ပြောရင် ကိုယ်က ကိုယ့်အတွက် ရီစရာ မဟုတ်ရင်တောင် အလိုက်သင့် လိုက်ရီတာမျိုး၊ အံ့ဩစရာ ပြောရင် မျက်နှာအမူအရာနဲ့ ပြတာမျိုး၊ အစရှိသဖြင့်ပေါ့) အစရှိတာတွေကို လုပ်ဆောင်ဖို့လဲ လိုပါတယ်။ ကလေးပြောတာအပေါ်မှာ ကလေးကို အပြစ်တင်တာမျိုးလဲ မလုပ်မိဖို့ လိုပါတယ်။ နောက်ကလေးက ကိုယ့်ဆီက အကြံဉာဏ် မတောင်ပဲ ကိုယ်က အကြံဉာဏ်တွေ ပေးတာမျိုးလဲ မလုပ်ဖို့ လိုပါတယ်။ ကလေးက ကိုယ့်ကိုလာ စကားပြောတယ်ဆိုတာ ကိုယ့်ဆီက အကြံဉာဏ် လိုချင်လို့ မဟုတ်ပါဘူး။ ကိုယ့်ကသူ့ကို နားလည်မယ်လို့ ယုံကြည်လို့၊ သူနဲ့ထပ်တူ ခံစားစေချင်လို့ ကိုယ့်ကို သူ့ရဲ့ အတွေအကြုံတွေ မျှဝေတာပါ။ ဒါကိုကိုယ်က နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် ကလေးပြောတာ နားထောင်တဲ့ အခါမှာ သူ့ကိုကိုယ်က အကြံဉာဏ်ပေးချင်တဲ့ စိတ်ကို ချိုးနှိမ်ထားပါ။

(၄) စိတ်ရှည်ပါ

မိဘတွေဟာ အများအားဖြင့် ကိုယ့်သားသမီးက သတို့ကြုံရတဲ့ ပဿနာတွေကို ရင်ဖွင့်လာရင် ကိုယ့်အတွေ့အကြုံပေါ် မူတည်ပြီး အကြံဉာဏ် ပေးချင်တတ်ကြပါတယ်။ အထူးသဖြင့် ကလေးဆီက အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မသိရသေးခင် ကောက်ချက်ဆွဲပြီး အကြံပေးချင်း ကြပါတယ်။ ဒီလိုမျိုးဆို ကလေးတွေ (အထူးသဖြင့် ကလေးကြီးတွေ) ဟာ သူတို့ ပြောချင်တာကို ပြည့်ပြည့်စုံစုံ မပြောတော့ပဲ ရှောင်ဖယ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်က အဆုံးသတ် ကောက်ချက်မဆွဲမှီမှာ ကလေးပြောတာတွေကို ပြည့်ပြည့်စုံစုံ နားထောင်ဖို့ လိုအပ်ပါတယ်။ ဒါမှ ကလေးက သူပြောတာကို မိဘက အလေးပေး နားထောင်တယ်၊ မပြည့်စုံတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ကောက်ချက်ဆွဲတာမျိုး မလုပ်ဘူး ဆိုတာ သဘောပေါက်ပြီး ကိုယ့်ကိုရင်ဖွင်လိုစိတ်၊ ပွင့်ပွင့်လင်းလင်း ပြောလိုစိတ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုယ့်ကလေးရင်ထဲ ဘာတွေဖြစ်နေလဲ သိရေအာင် “ကြည့်ပါ၊ မေးပါ၊ နားထောင်ပါ၊ စိတ်ရှည်ပါ”။


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *