ကလေးတွေဖတ်ဖို့ စာအုပ်တွေကို ဘယ်လို ရွေးပေးမလဲ

ကိုယ့်ကလေးကို စာတတ်စေချင်၊ စာဖတ်စေချင်ကြတာ မိဘတိုင်းပါပဲ။ ဒီလိုကလေးက စာဖတ်များဖို့၊ စာဖတ်တာ ဝါသနာပါဖို့ဆိုရင် ကလေးဖတ်ဖို့ ကလေးရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေတဲ့ စာအုပ်တွေကို မိဘတွေက ရွေးချယ်ပေးဖို့ အရေးကြီးပါတယ်။ အောက်မှာ ကလေးရဲ့ အသက်အရွယ်အလိုက် ဘယ်လို စာအုပ်မျိုးတွေကို ရွေးချယ်ပေးသင့်သလဲဆိုတာ ဖော်ပြပေး ထားပါတယ်။

အသက် ၃ နှစ်အောက် ကလေးတွေ

ဒီအရွယ် ကလေးတွေဟာ အရောင်တောက်တောက် အရုပ်တွေကို နှစ်ချိုက်ကြပါတယ်။ ဒါ့အပြင် သူတို့ဟာ ရှုပ်ထွေးတဲ့ အရုပ်တွေ၊ ပုံတွေကို စိတ်ဝင်စားခြင်း မရှိပဲ ရှင်းလင်းလွယ်ကူတဲ့ ပုံတွေ၊ ဝတ္ထုပစ္စည်းတွေကို နှစ်ချိုက်ကြပါတယ်။ စာအုပ်တွေကိုလဲ ရိုသေစွာ ကိုင်တွယ်နိုင်မှု မရှိသေးသလို စာမျက်နှာတွေကိုလဲ ကောင်းစွာ မလှန်နိုင် ကြသေးပါဘူး။ သူတို့တွေဟာ နားထောင်ရတာကို နှစ်သက်ကြပြီး ကဗျာလေးတွေ ရွတ်ဆိုရတာ၊ နားထောင်ရတာကိုလဲ နှစ်သက်ကြပါတယ်။ ရှုပ်ထွေးတဲ့ ဝါကျတွေကို နားလည်နိုင်စွမ်း မရှိသေးတဲ့အတွက် သူတို့ကို ဖတ်ပြမယ့် စာကြောင်းတွေဟာ ရှင်းလင်းလွယ်ကူတဲ့ စာကြောင်းတွေ၊ စကားလုံးတွေ ဖြစ်ဖို့လိုပါတယ်။ စာတွေကို ဖတ်ပြတာထက် စာမပါတဲ့၊ ဒါမှမဟုတ် စာလုံးနဲနဲပဲ ပါတဲ့ ရုပ်ပုံစာအုပ်တွေကို နှစ်သက်ကြပါတယ်။ ဒီလို စာမဲ့ရုပ်ပုံ စာအုပ်တွေဟာ ကလေးတွေရဲ့ ပုံပြောစွမ်းအားနဲ့ စိတ်ကူးကွန့်မြူးမှုစွမ်းအားတွေကိုလဲ အားပေးပါတယ်။ ဒါ့ကြောင့် ဒီအရွယ် ကလေးတွေအတွက် အရောင်အသွေး စိုပြည်တဲ့ ကတ်ထူစာအုပ် (Board Books) တွေနဲ့ အဝတ်နဲ့ ချုပ်ထားတဲ့ စာအုပ်တွေဟာ ကလေးတွေအတွက် အထူးသင့်လျှော်ပါတယ်။

Board Books
Board Books

မူကြိုအရွယ် (၃ နှစ်က ၅ နှစ်အကြား)

ဒီအရွယ်ကလေးတွေဟာ ပိုမိုခက်ခဲတဲ့ စကားလုံးနဲ့ ဝါကျတွေကို စတင်နားလည်နိုင်ပါပြီ။ Activity လေးတွေလုပ်ရတာ၊ ဟန်လုပ်ကစားရတာတွေကိုလဲ နှစ်သက်ကြပါတယ်။ ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အရာဝတ္ထုတွေနဲ့ ပုံထဲက ရုပ်ပုံတွေကို ဆက်စပ်ကြည့်ရတာလဲ ပျော်ရွှင်ကြပါတယ်။ ကလေးကဗျာတွေရွတ်ဆိုရတာ ပျော်ရွှင်ကြပါတယ်။ သူတို့အတွက် လွယ်ကူတဲ့ ပုံပြင်စာအုပ်လေးတွေ၊ Pop Up စာအုပ်တွေ၊ activity တွေပါတဲ့ စာအုပ်တွေကို ရွေးချယ်ပေးသင့်ပါတယ်။

Picture Story Books
Picture Story Books

မူလတန်းအရွယ် (၅ နှစ်က ၈ နှစ်အကြား)

ဒီအရွယ် ကလေးတွေဟာ စာဖတ်စသင်တဲ့ အရွယ်တွေ ဖြစ်ပါတယ်။ အစပိုင်းမှာ လွယ်ကူတဲ့ ဝါ ကျတွေပါတဲ့ စာအုပ်တွေကို ရှာဖွေပေးပါ။ ဒီအရွယ်တွေဟာ ပုံပြင်စာအုပ်တွေကို နှစ်သက်ကြပြီး အထူးသဖြင့် Fantasy စာအုပ်တွေကို နှစ်သက်ကြပါတယ်။ မင်းသားမင်းသမီးပုံပြင်တွေ၊ နတ်သမီးပုံပြင်တွေ၊ ရေသူမပုံပြင် အစရှိတာတွေကို နှစ်သက်ကြပါတယ်။ ရုပ်ပုံနဲ့ စာနဲ့ တွဲနေတဲ့ စာအုပ်မျိုးတွေကို အထူသဖြင့် နှစ်ခြိုက်ကြပါတယ်။ ဒီစာအုပ်တွေမှာ ပါတဲ့ စာလုံးတွေဟာ ကလေးတွေ နေ့စဉ်သုံးစွဲတဲ့ စကားလုံးတွေဆို ပိုပြီး ကလေးအတွက် စိတ်ဝင်စားမှု ရှိစေပြီး စာဖတ်ရတာလဲ လွယ်ကူစေပါတယ်။ ၃ – ၄ တန်းလောက် ရောက်ပြီဆိုရင် နဲနဲ ရှုပ်ထွေးတဲ့ ဇါတ်လမ်းတွေကို စတင်နားလည်နိုင်ပြီး ပုံပြင်မဟုတ်တဲ့ ဗဟုသုတဆိုင်ရာ စာအုပ်တွေကို စတင်ဖတ်ရှုတတ်ကြပါတယ်။

Story Books
Story Books

ကလေးကြီးများ (အသက် ၉ နှစ်နှင့် အထက်)

အသက်ကြီးပိုင်း ကလေးကြီးတွေကတော့ စာအုပ် အတော်များများကို ဖတ်ရှုနိုင်တဲ့ စွမ်းရည်ရှိလာပါပြီ။ ဒီအရွယ် ကလေးတွေဟာ သူတိုစိတ်ဝင်စား ကြိုက်နှစ်သက်တဲ့ ဝါသနာ၊ ဘာသာရပ်တွေလဲ ရှိလာပါတယ်။ ဒီကလေးတွေကို သူတို့ စိတ်ဝင်စားတဲ့ ဝါသနာ၊ ဘာသာရပ်နဲ့ ဆိုင်တဲ့ ဗဟုသုတစာအုပ်တွေ၊ ဝတ္ထုစာအုပ်တွေ ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ ဥပမာ သိပ္ပံပညာကို စိတ်ဝင်စားတဲ့ ကလေးတွေအတွက် သိပ္ပစာအုပ်တွေ၊​သိပ္ပံဝတ္ထုတွေကို ရွေးချယ်ပေးသင့်သလို၊ စုံထောက်ဇါတ်လမ်းမျိုး နှစ်သက်သူတွေအတွက် Sherlock Holms လိုစာအုပ်မျိုးတွေ ရွေးချယ် ပေးသင့်ပါတယ်။ စာအုပ်ထဲက အကြောင်းအရာနဲ့ အရေးအသားတွေဟာ ကလေးတွေအတွက် သင့်လျော်မှု ရှိဖို့တော့ လိုအပ်ပါတယ်။ လိင်မှုဆိုင်ရာတွေပါတဲ့ ဝတ္ထုတွေ၊ အချစ်ဝတ္ထု၊ အကြမ်းဖက်မှု အစရှိတာတွေပါတဲ ဝတ္ထုမျိုးတွေ မပါရှိအောင် အထူးဂရုပြု ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။

The Diary Of A Wimpy Kid - The Ugly Truth
The Diary Of A Wimpy Kid – The Ugly Truth

Posted

in

,

by

Comments

Leave a Reply

Your email address will not be published. Required fields are marked *