ABC အင်္ဂလိပ် အက္ခရာတွေကို အသံထွက်မှန်မှန် ထွက်ဖို့ ဖိုးနစ် အသံထွက်တွေ

ဒီနေ့တော့ အိမ်မှာကလေးတွေကို ဖိုးနစ်နည်းနဲ့ စာသင်တဲ့အခါ အရေးအကြီးဆုံးဖြစ်တဲ့ အင်္ဂလိပ် အက္ခရာ (alphabet) တွေကို အသံထွက် မှန်မှန်ထွက်အောင် လေ့ကျင့်နိုင်ဖို့ ဗီဒီယိုဖိုင်လေးတစ်ခု တင်ဆက်ပေးထားပါတယ်။ ဖိုနစ်နည်းနဲ့ စာသင်ရာမှာ ABC စတာတွေကို အေ၊ ဘီ၊ စီ၊ ဒီ ဆိုပြီး မသင်ပါဘူး။ ဒီအစား သူတို့ရဲ့ အသံထွက်ကို သင်ပါတယ်။ ဥပမာ – အ၊ ဘ၊ ခ၊ ဒ ဆိုပြီး ABCD တွေရဲ့ အသံထွက်ကို သင်ပေးတာပါ။ အင်္ဂလိပ် အက္ခရာတွေရဲ့ ဖိုးနစ် အသံထွက်တွေကို မြန်မာလို ရေးပြလို့ ဘယ်လိုမှ အသံထွက်အမှန် မရနိုင်ပါ။ ဒါ့ကြောင့် ကလေးတွေကို စာသင်မယ့် မိဘတွေနဲ့ ကျောင်းဆရာဆရာမတွေ (ဒီစာမျက်နှာကို LIKE လုပ်ကြတဲ့ အထဲမှာ ဆရာ၊ ဆရာမတွေလဲ ပါလို့ပါ) အနေနဲ့ ပထမဆုံး ကိုယ်ကိုယ်တိုင်က ဖိုးနစ်အသံထွက်တွေကို အသံထွက်မှန်မှန်နဲ့ ရွတ်ဆိုနိုင်အောင် လေ့ကျင့်ဖို့ လိုအပ်ပါတယ်။ ဒီအဆင့်မှာ မမှန်ကန်ခဲ့ရင် နောက်အဆင့်တွေမှာ မမှန်နိုင် တော့ပါဘူး။ ဒါ့ကြောင့် ဒီဗီဒီယိုလေးကို ကြည့်ပြီး အသံထွက်မှန်အောင် အရင်လေ့ကျင့်ကြပါ။ ပါးစပ်နဲ့ လျှာအထားအသိုကိုလဲ လေ့လာပြီး လိုက်ကျင့်ကြပါ။ L, M, N အသံတွေ ဘယ်လိုထွက်လဲဆိုတာလဲ တွေ့နိုင်ပါတယ်။ အောက်ကလင့်ကို ဖုန်းထဲက Youtube မှာ ဖွင့်ပြီး ဗီဒီယိုကို ဒေါင်းထားနိုင်ပါတယ်။

ကိုယ်က အသံထွက်တွေ ပိုင်ပိုင်နိုင်နိုင် ရှိပြီဆိုရင် ကလေးကို စသင်နိုင်ပါပြီ။ ABCD အက္ခရာတွေကို တစ်ခုချင်း ကတ်ပြားတွေပေါ်မှာ အရောင်စုံလေးတွေနဲ့ ခြယ်ပြီး Flash Card တွေ အရင်လုပ်ပါ။ ပြီးရင် ကလေးကို ဒီ ဖလက်ရှ်ကတ်လေးတွေ တစ်ခုခြင်းပြပြီး အသံထွက်လေးတွေ ဆိုပြပါ။ ကလေးကိုလဲ လိုက်ဆိုခိုင်းပါ။ တစ်ခါသင်ရင် စစချင်းမှာ ၃-၄ ကတ်လောက်ပဲ သင်ပါ။ တစ်နေ့ကို ၃-၄ ကြိမ်လောက် အနည်းဆုံး ရအောင် သင်ပေးပါ။ ကလေးကို နောက်ဖေးတည်နေတဲ့ အချိန်တွေ၊ အစာကျွေးနေတဲ့ အချိန်တွေ အစရှိတဲ့ အချိန်တွေမှာဆိုလဲ သင်ပေးပါ။ ပထမပိုင်းမှာ စာလုံးအသေးတွေ အရင်သင်ပါ (စာလုံးအသေးတွေက အသုံးများလို့ပါ)။ နောက်မှ စာလုံးကြီးတွေ သင်ပေးပါ။ ဖြစ်နိုင်ရင် ကတ်ပြားပေါ်မှာ ရုပ်ပုံလေးတွေပါဆွဲပြီး (ဒါမှမဟုတ် မဂ္ဂဇင်းထဲက ဖြတ်ပြီး) တွဲသင်ရင် ကလေးက ပိုမှတ်မိပါတယ်။​ ဥပမာ A ဆိုရင် Apple၊ B ဆိုရင် Ball အစရှိ သဖြင့်ပေါ့။ ကလေးက အင်္ဂလိပ် အက္ခရာ ၂၆ လုံးကို ကျွမ်းကျင်သွားရင် နောက်တဆင့်ကို တက်လို့ရပါပြီ။ နောက်တဆင့်ကို နောက်အပါတ် ဆက်ရေးပါ့မယ်။ ဆောင်းပါးတွေ မလွတ်ရအောင် ဒီစာမျက်နှာလေးကို LIKE လုပ်ထားကြပါ။


Posted

in

by

Comments

Leave a Reply

Your email address will not be published. Required fields are marked *