အသက် ၃ နှစ်နဲ့ ၅ နှစ်ကြား ကလေး စာစဖတ်ဖို့ အသင့်ပြင်ပေးပါ

ကလေးအသက် ၃ နှစ်မှာ စပြီး အင်္ဂလိပ် စာအုပ်လေးတွေနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ဒီအဆင့်ဟာ ကလေးတွေကို အင်္ဂလိပ်စာနဲ့ ယဉ်ပါးဖို့ စတင်လေ့ကျင့်ပေးဖို့ အသင့်တော်ဆုံးအချိန်လဲ ဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေဟာ အင်္ဂလိပ်စာလုံးတွေကို မှတ်မိသိရှိရုံမက လွယ်ကူတဲ့ စာလုံးလေးတွေကိုလဲ စတင်မှတ်မိအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ဒီလိုလေ့ကျင့်သင်ကြားပေးဖို့ ဘာတွေလိုအပ်မလဲ၊ ဘယ်လိုသင်ကြားလေ့ကျင့်ပေးမလဲဆိုတာကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စာဖတ်တာကို ပျော်ရွှင်ဖို့လိုတယ်

ကလေးဟာ စာဖတ်ရတာ ပျော်ရွှင်ဖို့ အရေးကြီးပါတယ်။ ဒီလိုပျော်ရွှင်မှလဲ ကလေးက စာဖတ်ရတာကို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုတာ မိဘက စာဖတ်တာကို အလုပ်ကြီးတစ်ခု၊ တာဝန်တစ်ခုလို မသတ်မှတ်ပဲ ပျော်ရွှင်ဖွယ် ကစားနည်းတစ်ခုအဖြစ် လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ တစ်နေ့ကို ဘယ်နှမိနစ်၊ ဘယ်နှစ်မျက်နှာ ပြီးအောင် ဖတ်ရမယ် ဆိုတာမျိုး မသတ်မှတ်ပဲ ကလေး ပျော်သလောက် ပေးဖတ်ဖို့ လိုပါတယ်။ ကလေးက မဖတ်ချင်တာကို အတင်း ဖတ်ခိုင်း၊ ဖတ်ပြနေရင် ကလေးက စာဖတ်ရမှာ မုန်းသွားပါလိမ့်မယ်။

ကလေးတွေ ကိုယ်တိုင် စာစမဖတ်ခင်မှာ ပထမ အဆင့်အနေနဲ့ ကလေးဟာ သူများဖတ်ပြတာကို နားထောင်တတ်တဲ့ အကျင့်ရဖို့ လိုပါတယ်။ ကလေးကို ပုံပြင်လေးတွေ ပြောပြတာ၊ ကလေး ကဗျာလေးတွေ ဖတ်ပြတာ၊ ကလေးသီချင်းလေးတွေ ဆိုပြတာတွေ ကို ကလေးငယ်စဉ်ကတဲက ပုံမှန်အလေ့အကျင့် လုပ်လာဖို့ လိုပါတယ်။ စာအုပ်လေးတွေနဲ့ ကစားစေတာ၊ စာအုပ်ထဲက ပုံလေးတွေ ပြတာတွေ၊ ဒီ့ထက်နဲနဲ ကြီးလာရင် ပုံလေးတွေ ဆေးရောင်ချယ်တာတွေ စတဲ့ ကစားနည်းတွေကို ကစားစေခြင်းဖြင့် ကလေးတွေကို စာအုပ်နဲ့ ယဉ်ပါးလာအောင် လုပ်ပေးဖို့ လိုပါတယ်။

စာစဖတ်ဖို့ ကလေးတွေမှာ ဘယ်လို စွမ်းဆောင်ရည်တွေ ရှိဖို့လိုမလဲ

ကလေးတွေကို စာစဖတ်ဖို့ လေ့ကျင့်သင်ကြားပေးတော့မယ်ဆိုရင် အောက်ပါစွမ်းဆောင်ရည်တွေ ရှိနေဖို့ လိုပါတယ်။

  • စာအုပ်တွေနဲ့ ကစားရတာ၊ စာအုပ်တွေကို ကိုင်တွယ်ရတာ ပျော်မယ်။
  • သူတို့နာမည်ကို သူတို့သိမယ်။
  • လွယ်ကူတဲ့ စာလုံးလေးတွေနဲ့ သူတို့ရဲ့ ရုပ်ပုံလေးတွေကို ဆက်နွယ်တတ်မယ် ဥပမာ၊ Mum ဆိုတာကို အမေနဲ့ ဆက်စပ်ပြတတ်မယ်၊ cat ဆိုတာကို ကြောင်နဲ့ ဆက်စပ်ပြတတ်မယ်။သိပ်အများကြီး သိဖို့ မလိုပါဘူး။ အဓိကက ဒီလိုဆက်စပ်တတ်တဲ့ အရည်အချင်း ရှိဖို့ပဲ လိုပါတယ်။
  • အချို့စကားလုံးတွေရဲ့ အသံထွက်တွေကို သိမယ်
  • စာဖတ်လိုတဲ့ စိတ်ရှိမယ်
  • မှတ်နိုင်စွမ်းအား ရှိမယ်။ ဒီအရွယ်မှာ ကလေးက စာလုံးတွေကို အသံထွက် မပေါင်းတတ်ကြ သေးပါဘူး။ ဒါ့ကြောင့် ရုပ်ပုံလေးတွေနဲ့ ဆက်စပ်မှတ်တာမျိုးဟာ ကလေးကို စာလုံးတွေ မှတ်မိအောင် အကူအညီ ပေးပါတယ်။
  • စိတ်အာရုံ စူးစိုက်နိုင်စွမ်းအား။ အနည်းဆုံး ၁၀ မိနစ်ကနေ ၁၅ မိနစ်လောက်ထိ စိတ်အာရုံ စူးစိုက်နိုင်ဖို့ လိုအပ်ပါတယ်။ ၃ – ၄ မိနစ်ထက် ပိုပြီး အာရုံမစိုက်နိုင်ဘူးဆိုရင် ကလေးကို စာဖတ်သင်ဖို့ ခဲ့ယဉ်းပါတယ်။
  • တူညီတာတွေကို သိမယ်။ မတူတာတွေကိုလဲ သိမယ်။ စာဖတ်နိုင်ဖို့ဆိုတာ ကလေးတွေ အနေနဲ့ တူတဲ့ ရုပ်ပုံတွေ တူတဲ့ စာလုံးတွေကို မှတ်မိသိရှိနိုင်ဖို့ လိုပါတယ်။ ဒါ့ကြောင့် စာဖတ်စမသင်ခင် ကလေးကို အရုပ်ပုံလေးတွေနဲ့ တူတာရွေးခိုင်တဲ့ ကစားနည်းလေးတွေ ကစားပေးဖို့ လိုပါတယ်။

ဘယ်အချိန်မှာ စာဖတ်သင်ပေးမလဲ

အချိန်မရွေး သင်ပေးလို့ ရပါတယ်။ ကလေးတွေရဲ့ စိတ်အာရုံ စူးစိုက်နိုင်စွမ်းက တိုတောင်တဲ့ အတွက် အချိန်နည်းနည်းစီနဲ့ မကြာခဏ သင်ပေးတာ ပိုအကျိုးရှိပါတယ်။ ကားထဲမှာ ခရီးသွားနေချိန်မျိုး၊ ကလေးကို နောက်ဖေးတည်နေတုန်း၊ ညအိပ်ရာ ဝင်ခါနီးအချိန်မျိုးတွေဟာ သင်ပေးဖို့ အချိန်ကောင်းတွေပါ။

ဘယ်လိုဖတ်ပြမလဲ

ကလေးကို မဖတ်ပြခင်မှာ စာအုပ်ရဲ့ မျက်နှာဖုံးကို အရင်ပြပြီး စာအုပ်အကြောင်း ဆွေးနွေးပါ။ ဒါဘာပုံလဲ၊ ဘာပုံပြင် ဖြစ်မယ် ထင်သလဲ အစရှိတဲ့ မေးခွန်းတွေ မေးပါ။ စာအုပ်မျက်နှာဖုံးက ပုံကို အသေးစိတ် ကလေးနဲ့ အတူ ကြည့်ပါ။ ပုံလေးတွေကို ထောက်ပြပြီး မေးခွန်းလေးတွေ မေးပါ။ ဒါဘာကောင်လဲ ဆိုတာမျိုးပေ့ါ

ကလေးကို ပထမတစ်ခေါက် စာဖတ်ပြပါ။ စာဖတ်နေတုန်း ရပ်ပြီး မေးခွန်းမေးတာ၊ ပုံလေးတွေအကြောင်းပြောတာတွေ မလုပ်ပါနဲ့။ စာအုပ်ကို အစအဆုံး ပြီးအောင် ဖတ်ပြပါ။ စာဖတ်နေတုန်း စာလုံးလေးတွေကို ထောက်ပြီး ဖတ်ပါ။ ဖတ်နေတဲ့ စကားလုံးကို ထောက်ပြပြီး ဖတ်ပါ။

ဒုတိယ အခေါက်မှာ ကလေးနဲ့ အတူ ဖတ်ပါ။ ဒီတစ်ခေါက်မှာတော့ ဖတ်နေရင်း စာမျက်နှာတိုင်းမှာ ပုံလေးတွေကို ထောက်ပြီး မေးခွန်းမေးပါ။ ဒါဘာကောင်လဲ ဆိုတာမျိုး။ ဘာလုပ်နေတယ်ထင်လဲ၊ နောက်ဘာဖြစ်မယ် ထင်လဲ ဆိုတဲ့ မေးခွန်းလေးတွေ မေးပါ။

ပုံပြင်ဖတ်ပြီးသွားရင် ပုံပြင်နဲ့ ဆိုင်တဲ့ မေးခွန်းတွေ မေးပါ။ ဥပမာ၊ ပုံပြင်ကို ကြိုက်သလား၊ ဘာ့ကြောင့် ကြိုက်တာလဲ၊ ဘယ်အပိုင်းကို အကြိုက်ဆုံးလဲ၊ ဘာ့ကြောင့် မင်းသားလေး ဖားဖြစ်သွားတာလဲ၊ ဘာ့ကြောင့် ဖားလေးက မင်းသားလေး ပြန်ဖြစ်သွားတာလဲ၊ ဘာဖြစ်လို့ မင်းသမီးလေ အိပ်ပျော်သွားတာလဲ၊ အစရှိတဲ့ ပုံပြင်နဲ့ သက်ဆိုင်တဲ့ မေးခွန်းမျိုးလေးတွေကို ကလေးကို မေးပါ။

စကားလုံးတွေကို မှတ်မိအောင် လေ့ကျင့်ပေးပါ

ပုံပြင်ကို ဖတ်ပြပြီးပြီဆိုရင် ပုံပြင်ထဲက စာလုံးလေးတွေကို ကလေးနဲ့ ယဉ်ပါးအောင် လေ့ကျင့်ပေးဖို့ လိုပါတယ်။ ကလေးကို လိုက်ဆိုခိုင်းပါ။

  • စာပုဒ်တစ်ပုဒ်ကို ဘယ်နေရာက စဖတ်ရမလဲဆိုတာ ကလေးသိမသိ စမ်းစစ်ပါ။ စာဖတ်တဲ့ နေရာမှာ ဘယ်ဖက်ကနေ ညာဖက်ကို ဖတ်ရမယ် ဆိုတာ ကလေးသိမသိ စမ်းစစ်ပါ။ မသိရင် သိအောင် မှန်အောင် ပြင်ပေးပါ။
  • စာလုံးတွေရဲ့ အစအက္ခရာတွေကို ထောက်ပြပြီး သင်ပေးပါ။ ဒီအက္ခရာနဲ့ စတဲ့ အခြား စကားလုံးတွေ ရှာခိုင်းပါ။ ဥပမာ Cat ဆိုရင် C နဲ့ စတဲ့ Car တို့၊ Cow တို့ကို ဒီစာမျက်နှာ ပေါ်မှာ ရှာခိုင်းပါ။
  • တူညီတဲ့ စကားလုံးတွေ ရှာခိုင်းပါ။ ဥပမာ Dog ဆိုရင် နောက်ထပ် Dog စာလုံးကို အဲ့ဒီစာမျက်နှာပေါ်မှာ ရှာခိုင်းပါ။
  • လွယ်ကူတဲ့ စကားလုံးလေးတွေကို ထောက်ပြပြီး သူတို့ရဲ့ အသံထွက်တွေကို ကလေးကို ပြောပြပါ။

စာများများ ဖတ်ပါစေ

ကလေးကို စာများများ ဖတ်ပြပါ။ အတူဖတ်ပါ။ ပုံပြင်စာအုပ်လေးတွေ၊ ပုံပြစာအုပ်တွေ၊ ကလေးကဗျာတွေ၊ ABC ပုံပြစာအုပ်တွေ အစရှိသဖြင့် အတူဖတ်ပါ။ ကလေးပုံပြင် စာအုပ်တွေ မရှိရင် မဂ္ဂဇင်းထဲက ပုံတွေထောက်ပြပြီး ဒါတွေကဘာလဲ၊ ဘယ်လိုခေါ်လဲ ဆိုတာတွေ ပြောပြပါ။ စာများများ ဖတ်လေလေ ကလေးက စာဖတ်ရတာ ဝါသနာ ပါလေလေ ဖြစ်တဲ့ အတွက် ကလေးတွေကို စာများများ ဖတ်ဖို့ အခွင့်အလမ်း ဖန်တီးပေးပါ။


Posted

in

by

Comments

Leave a Reply

Your email address will not be published. Required fields are marked *