Phonics ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်မယ်

အခုတလော နိုင်ငံတကာမှာ ခေတ်စားနေတဲ့ ဖိုးနစ်နည်းနဲ့ အင်္ဂလိပ်စာ သင်ကြားနည်း အကြောင်းကို မိတ်ဆက်ပေးလိုပါတယ်။ ဒီဖိုးနစ်နည်းဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစလို့ ကလေးတွေကို အင်္ဂလိပ်စာ သင်ရာမှာ စတင်သုံးစွဲ လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၃- ၄ နှစ် လောက်ကစလို့ နိုင်ငံတကာ ကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားရာမှာ တွင်တွင်ကျယ်ကျယ် သုံးစွဲလာ ကြပါတယ်။ ဒီဖိုးနစ်နည်း ဆိုတာဘာလဲ။ ဘယ်လို သင်ရမှာလဲ။ ဘာသင်ကြားရေး ပစ္စည်းတွေ လိုမလဲ။ ဒီနည်းနဲ့ ကိုယ့်ခလေးကို အင်္ဂလိပ်စာ သင်ရင် ဘယ်လောက်ကုန်မှာလဲ။ အိမ်မှာရော သင်လို့ ရမလား။ ကျောင်းဆရာ၊ ဆရာမတွေ အနေနဲ့ရော ကိုယ့်ကျောင်းသားတွေကို သင်ပေးလိုရင် ဘယ်လိုသင်ရမလဲ အစရှိတာတွေကို ရှင်ပြသွားမှာ ဖြစ်ပါတယ်။

ဖိုးနစ်နည်းဆိုတာ ဘာလဲ

ဖိုးနစ်နည်းဆိုတာ စာဖတ်စာရေးသင်တဲ့ နေရာမှာ စာလုံးပေါင်းတွေကို မှတ်သားပြီး သင်တာ မဟုတ်ပဲ စာလုံးတွေရဲ့ အသံထွက်တွေကို အဓိက မှတ်သားပြီး သင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရှေးရိုးစဉ်လာ အင်္ဂလိပ်စာ သင်ရာမှာ စာလုံးပေါင်းတွေကို အလွတ်ကျက်မှတ်တဲ့ နည်းလမ်းနဲ့ သင်ကြားခဲ့ ကြပါတယ်။ ဒီဖိုးနစ်နည်းမှာတော့ စာလုံးပေါင်းတွေ အလွတ် ကျက်မှတ်တာကို အားမပေးပါဘူး။ ဒီ့အစား စာလုံး (alphabet) တစ်လုံးချင်းစီရဲ့ အသံထွက်တွေကို နားလည်အောင် သင်ကြားပေးပါတယ်။ ဥပမာ၊ B ကို “ဘီ” လို့ မသင်ပဲ သူ့ရဲ့ အသံထွက် “ဘ” လို့ သင်ပါတယ်။ “C” ဆိုရင် “စီ” လို့မသင်ပါဘူး၊ “Ka” “ခ” လို့ သင်ပါတယ်။ “I” ဆိုရင် “အစ်”၊ “A” ကို “အက်”၊ ဒီလိုသင်တာပါ။ ဒီနည်းနဲ့ သင်ကြားပေးတဲ့ ကလေးတွေဟာ စာလုံးပေါင်းတွေ အလွတ်မရ ပေမယ့်လဲ စကားလုံးတွေကို အသံထွက် ဖတ်နိုင်ကြပါတယ်။ ဖိုးနစ်နည်းနဲ့ စာဖတ်သင်တဲ့ ကလေးတွေဟာ စာတွေကို အလွယ်တကူ ဖတ်နိုင် တဲ့အတွက် အခြားကလေးတွေထက် စာဖတ်အား ပိုကောင်းကြပါတယ်။

ဘာ့ကြောင့် ဖိုးနစ်နည်းနဲ့ စာသင်သင့်သလဲ

ဖိုးနစ်နဲ့ သင်တဲ့ အတွက် သင့်ကလေးဟာ စာလုံးပေါင်းတွေကို အသံထွက် မှန်မှန် ထွက်တတ် လာပါတယ်။ ဒါ့အပြင် စာလုံးပေါင်း အလွတ်ကျက်တာ မဟုတ်တဲ့ အတွက် ဘယ်စာလုံး လာလာ ဖတ်တတ်ပါတယ်။ စာရေးရာ မှာလဲ စာလုံးပေါင်းတွေ အလွတ်ကျက်စရာ မလိုပဲ ရေးနိုင်ပါတယ်။ စာလုံးပေါင်းနဲ့ ကတ်သတ်ြခင်း မခံရတဲ့ အတွက် စာပေကို တကယ် နားလည်ပြီး လေ့လာလိုက်စား နိုင်မှာ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဖိုးနစ်ကို စသင်လို့ ရမလဲ

အနောက်နိုင်ငံတွေမှာတော့ ကျောင်းတွေမှာ သူငယ်တန်းက စလို့ ဖိုးနစ်နည်းနဲ့ စသင်ပါတယ်။ Grade 2 လောက်အထိ ဖိုးနစ်နည်းသုံးပြီး သင်ပါတယ်။ စစခြင်းမှာ ဗျည်းတွေကို အရင်စသင်လေ့ ရှိပါတယ်။ ‘A, E, I, O, U’ သရတွေကိုတော့ ဗျည်းတွေပြီးမှာ ဆက်သင်ပါတယ်။ နောက်ပိုင်းမှာ စာလုံးတွဲတွေ (ဥပမာ၊ ‘ion’, ‘ing’ စတာတွေ) ကို ဆက်သင်ပါတယ်။ ဒီနည်းနဲ့ တဖြည်းဖြည်း သင်သွားပါတယ်။

သူငယ်တန်း ဆိုပေမယ့် ဒီ့ထက် ငယ်ရင်လဲ သင်လို့ရပါတယ်။

သင့်ကလေးကို အင်္ဂလိပ်စာဖတ် ကျွမ်းကျင်အောင် ငယ်ငယ်ကတဲက Phonics နည်းနဲ့ သင်ပေးပါ
သင့်ကလေးကို အင်္ဂလိပ်စာဖတ် ကျွမ်းကျင်အောင် ငယ်ငယ်ကတဲက Phonics နည်းနဲ့ သင်ပေးပါ

ဒီနည်းနဲ့ စာသင်ရင် တကယ်ရော ထိရောက်ပါ့မလား

အခုနောက်ဆုံး အင်္ဂလန်မှာ လုပ်တဲ့ စစ်တမ်းတစ်ခုမှာ ဒီဖိုးနစ်နည်းနဲ့ သင်တဲ့ကလေးတွေဟာ အသက် ၇ နှစ်အရွယ်မှာ ဖိုးနစ်နည်းနဲ့ မသင်တဲ့ အသက် ၁၃ နှစ် ကလေးတွေနဲ့ တန်းတူ စာဖတ်နိုင်ပါတယ်တဲ့။ အင်္ဂလန်မှာ အစိုးရ ကျောင်းအားလုံး ဖိုးနစ်နည်းနဲ့ ၂၀၁၀ ကတဲက စသင်ကြားခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော့်သမီးကို အသက် ၄ နှစ် ကတဲက စလို့ ဖိုးနစ်နည်းနဲ့ အိမ်မှာ စာသင်ခဲ့တာ အခု အသက် ၇ နှစ်မှာ ကျွန်တော်တို့ ၈ တန်းလောက်က ခက်ခက်ခဲခဲ ဖတ်ခဲ့ရတဲ့ စာအုပ်မျိုးတွေကို သူ့ဟာသူ ဖိုးနစ်နည်းနဲ့ ဖတ်နိုင်နေပါပြီ။ စာဖတ်ရာမှာလဲ စာလုံးပေါင်း ဖတ်တာ မဟုတ်ပဲ ဖိုးနစ် အသံထွက် စာလုံးတွဲတွေကို မှတ်မိပြီး ဖတ်တာ ဖြစ်လို့ အတော်ကို မြန်မြန် ဖတ်နိုင်ပါတယ်။

ဒါဆို ဖိုးနစ်နည်းနဲ့ အိမ်ကကလေးကို စာသင်ခြင်ပါတယ်၊ ဘယ်လို လုပ်ရမလဲ

အင်တာနက်ပေါ်မှာ ဖိုးနစ်နည်းနဲ့ ပါတ်သက်တာတွေ ရေးထားတာ အများကြီး ရှိပါတယ်။ အင်္ဂလိပ်လို ရေးထားလို့ အဆင်မပြေဘူး ဆိုရင်လဲ ကျွန်တော်တို့ ဒီအခန်းကနေ အပါတ်စဉ် ဖိုးနစ်နဲ့ ပါတ်သက်ပြီး သင်ကြားရေး စနစ်တွေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီအပါတ်မှာ စာလုံးဝ မသင်ရသေးတဲ့ သင့်ကလေးကို ဘယ်လို ဖိုးနစ်နဲ့ မိတ်ဆက်ပေးမလဲ ဆိုတာကို နောက်ဆောင်းပါးမှာ စတင်ေဖာ်ပြပေးမှာ ဖြစ်ပါတယ်။

ဖိုးနစ်နည်းနဲ့ စာသင်ဖို့ ဘယ်လောက်ကုန်မှာလဲ

ဘယ်လောက်မှာ မကုန်ပဲ သင်လို့ရတဲ့ နည်းတွေရှိပါတယ်။ မိဘက နည်းနည်းတော့ အပင်ပန်းခံဖို့ လိုပါတယ်။ ဥပမာ A, B, C စာလုံးလေးတွေကို စာရွက်ပေါ်မှာ အရောင်ခြယ်ပြီး ကလေးတွေကို သင်လို့ရပါတယ်။ နောက်ပိုင်းမှာလဲ ပရင်တာနဲ့ ပရင့်ထုတ်လို့ ရတဲ့ သင်ထောက်ကူ ပစ္စည်းတွေ ကျွန်တော်တို့ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ဖိုးနစ်နည်းနဲ့ စာသင်ခြင်တဲ့ မိဘတွေအတွက် ဘယ်လိုသင်ရမယ် ဆိုတာကိုလဲ အပါတ်စဉ် အဆင့်အလိုက် တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှု နိုင်ပါတယ်။

Phonic song for the kids

Photo credit:
PublicDomainPictures | Pixabay
Pezibear | Pixabay

Reference:
PBS Parents | Phonics Basics
The Guardian | Phonics education technique shown to have positive impact on literacy


Posted

in

by

Comments

Leave a Reply

Your email address will not be published. Required fields are marked *